အခန်း 297- မြို့တော်အပြင်ဘက်
“ဒီအထဲကို ကျွန်မတို့ နန်းတော်သခင် လိုက်ဝင်ရင် အန္တရာယ်ရှိနိုင်မလား...” စုယွင် စိုးရိမ်တကြီး မေးသည်။
သူမ၏ အင်ပါယာအဆင့်သည်ပင် ထိုလေဝဲအပြင်မှ ဖိအားကိုသာ ခံနိုင်ရည်ရှိသည်။ လေဝဲအထဲမှ ဖိအားကို ခံနိုင်ရည်မရှိနိုင်ပေ။ သူတို့၏ နန်းတော်သခင်သည် အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ဤအသက်ရှုကြပ်လောက်သည့်ဖိအားကို သူမ မည်သို့ခံနိုင်ရည်ရှိမည်နည်း။
အခြားအကြီးအကဲများသည်လည်း ထိုအချက်ကိုတွေးမိကာ ရီချန်းဂျီ ကိုကြည့်ကြသည်။
"စိတ်မပူနဲ့.... ကျုပ်ရဲ့အကာအကွယ်အောက်မှာ သူ အဆင်ပြေမှာပါ....”
“အကြီးအကဲတို့... နှုတ်ဆက်ပါတယ်...”
ထို့နောက် သူသည် ပိုင်အော့ရှန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိညာဉ်စွမ်းအင် အတားအဆီးတစ်ခုကို တိုက်ရိုက်ဖန်တီးပေးထားလိုက်သည်။ ချက်ခြင်းပင် ပိုင်အော့ရှန်ခံစားနေရသော ဖိအားသည် အလွန်လျော့ကျသွားပြီး ဘာမှ မခံစားရတော့ပေ။
"အကြီးအကဲတို့... နောက်ကျရင် ပြန်ဆုံမယ်...”
ရီချန်းဂျီသည် ပိုင်အော့ရှန်နှင့် နင်းမန်မန်းတို့ကို ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်နှင့်အမျှ သူမ၏ အသံသည် တဖြည်းဖြည်း တိုးညှင်းပျောက်ကွယ်သွားတော့သည်။
"နန်းတော်သခင် သတိထားပါ..."
ဟင်းလင်းပြင်အပေါက်ကြီး ပျောက်ကွယ်သွားသည့်တိုင်အောင် အကြီးအကဲများသည် အော်ဟစ်ကာ သူတို့နန်းတော်သခင်ကို စိုးရိမ်တကြီး ကြည့်နေမိကြသည်။ သူမတွင် စီနီယာရီ၏ အကာအကွယ်များ ရှိနေသော်လည်း အနည်းငယ်တော့ စိုးရိမ်နေကြရဆဲဖြစ်သည်။ နောက်ဆုံးတွင်တော့ ပိုင်အော့ရှန်၏ ပထဆုံး ခရီးရှည်ကြီး စတင်ခဲ့ပြီဖြစ်သည်။
. . .
နှစ်ပေါင်းတစ်သောင်းလား မျက်စိတစ်မှိတ်လား ခွဲခြားလို့ မရနိုင်သည့် အချိန်ကာလ ကြာမြင့်ပြီးနောက်တွင် သူတို့သုံးယောက် ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းပြီး ထူးဆန်းသည့် နေရာကို ရောက်ရှိလာကြသည်။
