အခန်း 236- ရီချန်းဂျီ၏ကျင့်ကြံခြင်းအဆင့်
ကျန်သည့်လူအားလုံးလည်း ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။ သူတို့ထဲက အများစုမှာ လီမန်အား အကြွေးတင်နေပြီး သူတို့အားလုံးမှာ ညီအကိုတွေလိုပင် ဖြစ်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လီမန် ပိတ်မိနေခဲ့သည့် အကျဉ်းအကျပ်များကို ဖြတ်ကျော်နိုင်ခဲ့သည့်အတွက် သူတို့အားလုံး အမှန်တကယ်ပင် ပျော်ရွှင်မိကြသည်။
ဤနှစ်များအတွင်း လီမန်မှာ မည်မျှခက်ခဲနေခဲ့သည်ကို သူတို့အားလုံးသိထားကြသည်။ သူသည် ပြန်လည်မွေးဖွားခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး လုံးဝမျှော်လင့်ချက်မရှိလောက်အောင်ပင် ဖြစ်နေခဲ့သည်။
ဤအရာသည် လီမန်၏ နှလုံးသားထဲတွင် တစ်ချိန်လုံးစိုးမိုးနေခဲ့သည့် စိုးရိမ်စရာ ဖြစ်လာလုနီးပါးပင် ဖြစ်သည်။
ယခုမူ စီနီယာရီ၏ အကူအညီဖြင့် ထိုအခက်အခဲမှာ လုံးဝလျော့ပါးသွားခဲ့လေပြီ။
“ဒါက အသေးအမွှားကိစ္စလေးပါပဲလေ... စိတ်ထဲသိပ်မထားနဲ့...”
ရီချန်းဂျီ၏ လက်ချောင်းများ အနည်းငယ်လှုပ်ရှားသွားပြီး အဆုံးမရှိသော ခွန်အားတစ်ခုက လူတိုင်းကို ဆွဲထူပေးလိုက်သည်။
လီမန်မှာ ပို၍ပင် အံ့သြနေမိသည်။ သူသည် ကပ်ဘေးနယ်ပယ်ကို ယခုလေးတွင်မှ ဖြတ်ကျော်ခဲ့ပြီး သူ့ခွန်အားမှာ ယခင်ကထက် အဆတစ်ရာ တိုးလာသည်ဟု ဆိုနိုင်သည်။
သို့သော် ဤစွမ်းအင်များအောက်တွင် သူ့တွင် ခုခံနိုင်စွမ်း အနည်းငယ်မျှ မရှိခဲ့ပေ။
ရီချန်းဂျီကို မော့ကြည့်လိုက်လျှင် သူ့ပတ်ဝန်းကျင်တွင် မြူခိုးများဖုံးလွှမ်းနေသလို ခံစားလိုက်ရသည်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ဤရှာဖွေတွေ့ရှိမှုသည် သူ့အတွက် ကမ္ဘာတုန်ခြင်းဟုပင် ဆိုနိုင်သည်။
ပြန်လည်မွေးဖွားခြင်းနယ်ပယ်မှာ ရှိစဥ်က ထိုမြူခိုးများကို မမြင်ရပေ။ ရီချန်းဂျီအား သာမာန်သူလိုငါလိုသာ မြင်ခဲ့ရခြင်း ဖြစ်သည်။ ယခု သူသည် ကပ်ဘေးနယ်ပယ်သို့ ရောက်သွားသောအခါတွင် သူ့တွင် ကိုယ်ပိုင်အမြင်အာရုံ ရှိလာခဲ့သည်။ သူသည်တာအို၏ အစွန်းအဖျားကို ဖျတ်ခနဲထိလိုက်နိုင်ခဲ့ပြီဖြစ်သဖြင့် သူ၏ဝိညာဉ်စွမ်းအားသည်လည်း ပို၍အားကောင်းလာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။