Unicode
"ဓာတုလွန်က သေချာတော့ စီစဉ်ပေးလိုက်သား၊ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ ကျေးဇူးတင်ရမယ် မဟုတ်ရင် ကိုကြီးတို့ ညီအကို ဘယ်လိုလုပ်ကြမလဲ"
"ဟုတ်...ကိုကြီးရဲ့ရည်းစားဟောင်းကို ကျေးဇူးတင်ပါတယ်"
လေယျာဉ်ပေါ်ကကျွေးတဲ့ မုန့်တွေစားနေရင်း လင်းလက်ပိုင် တွန့်ခနဲဖြစ်သွားတယ်။ ရဲရဲက အပြင်ကိုပဲ ငေးကြည့်နေပြီး စကားပြောချင်ပုံမရဘူး။ အဲ့တာနဲ့ပဲ လင်းလက်ပိုင်လည်း ပါးစပ်လေးပိတ်ပြီး ရှေ့လျှောက်ဆက်ဖြစ်လာမှာတွေကိုပဲ ကြိုခန့်မှန်းနေလိုက်တော့သည်။
ပညာသင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘတွေကိုလိမ်ပြီး နိုင်ငံရပ်ခြားကို ထွက်လာကာမှတော့ သူ့ညီလေးအဆင်ပြေဖို့ကလွဲပြီး လင်းလက်ပိုင် ကျန်တာတွေကို ခေါင်းထဲသိပ်မထည့်ချင်တော့။ ရဲရဲပိုင်လေး အများကြီးပင်ပန်းနေခဲ့ပြီမဟုတ်ပါလား။
ဖေဖေတို့ကလည်း ဗြုန်းစားကြီး ပြည်ပထွက်ချင်လာတဲ့ သူတို့ညီအကိုကို စိတ်မချခဲ့ပေမဲ့ ဓာတုလွန်နဲ့ လင်းလက်ပိုင်ကြားက ပြတ်ဆဲမှုရယ် လတ်တလောရဲရဲ အခြေအနေရယ်ကြောင့် ကြာကြာတင်းမခံနိုင်ဘဲ ခွင့်ပြုပေးခဲ့ရသည်။
ဓာတုလွန်စီစဉ်ပေးလိုက်တဲ့ လေယျာဉ်လက်မှတ်က first class ကမို့ ခရီးစဉ်တစ်လျှောက်လုံး ရဲရဲပိုင်လေးက နှစ်ခြိုက်စွာပဲ အိပ်ရင်းလိုက်လာခဲ့တယ်။
ကလေးကိုဖျက်ချဖို့ အကြံပေးခဲ့ပေမဲ့ ခေါင်းခါငြင်းဆန်တဲ့ ဒီကောင်လေးရဲ့စိတ်ထဲမှာ ရှေ့လျှောက် ဘာတွေဆက်လုပ်မယ်လို့များတွေးနေသလဲ လင်းလက်ပိုင် ခန့်မှန်းမရ။ သူကတော့ သူ့ညီလေး အဆင်ပြေရင် တော်ပြီ။ ဘယ်သူနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ဖေဖေတို့နဲ့ထိပ်တိုက်တွေ့ရမယ်ဆိုလည်းဖြစ်တယ်။ နောက်ဖြစ်လာမဲ့ ကိစ္စတွေအတွက် နောက်မှပဲ ရှင်းကြတာပေါ့။ မဖြစ်နိုင်တဲ့ကိစ္စတွေ တစ်ပုံတစ်ပင်ကြီးကို အရှင်လတ်လတ်ကြီး ကြုံခဲ့ရပြီးနောက်ပိုင်း ပြဿနာဆိုတာတွေကို လင်းလက်ပိုင်တို့ကမှုမနေတော့!
Switzerland ကိုရောက်ရောက်ချင်းပဲ လင်းလက်ပိုင်က ပြတိုက် တစ်ခုမှာ အလုပ်ရသွားတယ်။ ဒါကလည်း ဓာတုလွန်ရဲ့ လက်ချက်ပဲ ဖြစ်မယ်ဆိုတာ လင်းလက်ပိုင်သိပါတယ်။ သူ့ရည်းစားဟောင်းက ကမူးရှုးထိုးနိင်ပေမဲ့ မိသားစုကို တအားချစ်တဲ့လူမို့ သူ့ညီလေးလိုဖြစ်နေတဲ့ ရဲရဲကိုလည်း ပစ်ပစ်ခါခါမလုပ်ရက်ဘူးဆိုတာ အစောကြီးထဲ သိပြီးသား။ ဖြစ်လာမှာတွေကိုလည်း သိနှင့်ပြီးပြီ။