အခန္း(၄၂)

6K 533 130
                                    

Unicode

"ရဲရဲလေး ပြန်သွားပြီ"

"အင်း"

ပတ်တီးအထပ်ထပ်နဲ့ လှုပ်လို့တောင်မလွယ်ကူသေးတဲ့ အနေအထားမှာ သူဘာမှမတုန့်ပြန်မိ။ သော်ဇင်ကအနားမှာ မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူနဲ့သော်ဇင်အကြားမှာ လေထုကအရင်လောက် သက်တောင့်သက်သာမရှိ။ ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် သော်ဇင့်အပေါ် အရင်လိုယုံကြည်မှုမျိုး သူဘယ်တော့မှပြန်ပေးမှာမဟုတ်တော့ပြီ။

"အဲ့ကောင်လေး ငိုသွားတယ်"

သူမျက်ခုံးတွေစုကျုံသွား၏။ ထင်ပါတယ်၊ ထင်တဲ့အတိုင်းပဲ။

အသံတိတ်နေပြန်ပြီး မျက်လုံးတွေမှိတ်ထားတော့ သော်ဇင်က ဘာမှဆက်မပြောတော့ဘဲ အခန်းတံခါးပိတ်ပေးကာ ပြန်ထွက်သွားခဲ့တော့သည်။ လူသူမရှိတော့ကာမှ သူ့မျက်ဝန်းနီတွေက ပြန်ပွင့်ဟလာခဲ့ပြီး မျက်နှာကျက်ကို တွေတွေကြီးစိုက်ကြည့်နေတော့၏။

ပြောရမယ်ဆိုရင် သူ ဦးမိုးဟိန်းကျော်ထက် ခြေတစ်လှမ်းနောက်ကျခဲ့ပြီး ရှုံးခဲ့တာ။ မသေတာကတော်တော်လေး ကံကောင်းနေပြီ။ အသိစိတ်က ကိုယ်မှာပြန်ကပ်ပြီး အလင်းရောင်သဲ့သဲ့ကို နောက်တစ်ကြိမ်ပြန်မြင်လိုက်ရတဲ့ အခိုက်အတန့်ကို သူဘယ်လောက်ထိ ဝမ်းသာခဲ့သလဲသူသာအသိဆုံး။

ရဲရဲပိုင်နဲ့ဆူမို့ကို ထပ်မတွေ့ရတော့ဘူးလို့သူထင်ခဲ့တာ။ ဒဏ်ရာတွေများလွန်းလို့ နာကျင်မှုကိုတောင် မသိတော့ဘဲ ထုံကျင်နေရင်းပဲ သွေးတွေလည်းကုန်သွားခဲ့သေးတယ်။ ဒေါနစိမ်းက အရေးပေါ်သွေးအကူလည်းပေးခဲ့ပြီး သူ့ကိုဆေးရုံထိရောက်အောင် ကူညီပေးခဲ့သေးသည်။ ထိုလူ၏အပေါ်တွင် ကျေးဇူးကြွေးတင်သွားပြီဖြစ်၏။

ကောင်းကောင်းမွန်မွန် ပြန်ဖြစ်ဖို့ဆို တစ်နှစ်နီးပါးလောက် သူအချိန်ယူရမှာပင်။ ခြေထောက်ကျိုးထားပြီး ပုခုံးရိုးလည်းပြန်ဆက်ထားရသည်။ နံရိုးအချို့ပါကျိုးထားသေးတာမို့ သူကအခုအိပ်ယာထဲ လဲနေရုံကလွဲပြီး ဘာမှကိုမလုပ်နိုင်ပေ။ ထိုင်ဖို့ထဖို့တောင် လူမကူပေးရင် သူမလုပ်နိုင်။ ဆီးပိုက်တပ်ထားရပြီး လူသေကောင်လို ဒီလိုစုတ်ပြတ်ပြီး မသေရုံတမယ်ဖြစ်နေတဲ့ အနေအထားနဲ့ ရဲရဲပိုင်ကို ဘယ်လိုကြည့်ရမှာလဲ။

Hate Me If You Can (COMPLETED)Where stories live. Discover now