Unicode
"ရဲရဲ ရော"
"ကောက်တော်မူနေတယ်"
တည်တံ့က အစားအသောက်မပျက်၊ ဆူမိုလေးကို ပေါင်ပေါ်တင်ကာ သားအဖနှစ်ယောက် ဖရဲသီးကို တစ်ဝက်ခြမ်းပြီး ဇွန်းနဲ့ခပ်စားနေ၏။
ဘတ်ခနဲ သူ့နောက်စေ့က ခပ်ပြင်းပြင်းအဆော်ခံလိုက်ရပြီး ဖရဲသီးတွေကို ခပ်စားနေတဲ့ ဇွန်းပါ လက်ထဲကလွတ်ကျသွားရသည်။ တော်သေးတယ် ပါးစပ်ကိုအပိတ်မြန်လို့။ မဟုတ်ရင်ပါးစပ်ထဲကဟာတွေပါ ထွက်ကျကုန်မှာ။
"ခန်း! ကျွန်တော့်ကိုသေအောင်သတ်နေတာလား စားနေတယ်လေ!"
နောက်လှည့်ကြည့်ပြီးအော်ချလိုက်တော့ အမဲဖြတ်တော့မလို မျက်လုံးတွေနဲ့ ဖခင်ကြောင့်ပဲ ရန်ဖြစ်ဖို့လမ်းကိုမရွေးတော့ဘဲ ထိုင်ရာကထလိုက်ကာ
"ဟုတ်ပြီ..သွားချော့ပြီးခေါ်လာခဲ့မယ်၊ သားအရင်းမပါဘဲ မုန့်ဘယ်စားချင်မလဲလေနော်..မွေးစားသားက ဉာဏ်နည်းနည်းတိမ်သွားပါတယ်"
"ခွေးသားလေး! အခုထိကို အချိုးမပြေနိုင်သေးဘူး!"
ရွဲ့နေတဲ့တည်တံ့ဆီကို ဇွန်းပျံတစ်ချောင်း ထပ်ရောက်လာတာကြောင့် ဆူမိုကို ထားခဲ့ပြီး အပေါ်ကိုသာ ပြေးတက်လာခဲ့လိုက်သည်။ မနေ့ထဲက ကောက်တဲ့အကောက်က တစ်ညလုံးချော့လည်း ပြေမသွား။ ကောက်နိုင်လွန်းပါသော ကောက်ကွေးစိန်အား ချော့မနိုင်တော့၍ စိတ်ပျက်လက်ပျက်ဖြစ်ရသည်။ ညစ်ပြီး ရင်အေးသွားအောင် ဖရဲသီးအေးအေးလေး စားမိပါတယ်...ခန်းကပါ အဲ့ကောက်စိန်ဘက်ကလိုက်ပြီး သူ့ကိုရန်လုပ်တယ်။ မနေ့ညကလည်း ကောက်ချိတ်ပြီး အစားမစားဘူး၊ ခုမနက်ထိပဲ။ ဒီလောက်ကောက်နေတာ..ကောက်စမ်းဟာဆိုပြီး တည်တံ့ ပေါင်မုန့်တွေထပ်ပြီး အတင်းဝါးကျွေးလိုက်ရာ ပိုလို့ပိုလို့ကွေးကောက်သွားတော့၏။
အခန်းတံခါးကို တန်းဖွင့်ပြီးဝင်သွားလိုက်တော့ တစ်ခုခုလုပ်နေပုံရတဲ့ ရဲရဲပိုင်က ကုတင်ပေါ်မှာ စောင်ကြီးခေါင်းမြှီးခြုံပြီးထိုင်နေရာက ဗိုက်ပူလေးကိုမှအားမနာ ဝုုန်းခနဲလဲချတယ်။
"အဲ့တာဘာလုပ်နေတာလဲ ကောက်ကွေး"
စောင်လုံးလေးက ငြိမ်သက်နေ၏။ တံခါးကိုသေချာပြန်ပိတ်ပြီး
တည်တံ့ကုတင်ပေါ်တက်ကာ ထိုစောင်ထုပ်လေးအား ဆွဲဖြေသော်လည်း ကျစ်နေအောင်ထွေးပတ်ထားတာကြောင့် လွယ်လွယ်ဖြေမရ။ ရုန်းရင်းဆန်ခတ်လည်းလုပ်ပစ်လို့မရနဲ့ သက်ပြင်းခပ်ရှည်ရှည်ချပြီး အကြံထုတ်ရတော့သည်။