Unicode
ဟန်းနီးမွန်းက တစ်ပတ်မပြည့်ဘဲ တည်တံ့မြဲမြံရဲ့ အရေးကြီးအလုပ်ကိစ္စကြောင့် ပြန်လာခဲ့ရသည်။ ရဲရဲက ဒါကိုမကျေနပ်ပေမဲ့ အထွန့်မတက်ဘဲ လက်ခံပေးသည်မှာ စိတ်တိုနေပုံရပြီး စကားသိပ်မပြောတော့တဲ့ အယ်လ်ဖာကြောင့် သူနည်းနည်းလန့်ပြီးငြိမ်နေရုံ။
ညီအကိုတွေလိုပဲ ချစ်ပါတယ်ဆိုတဲ့ အယ်လ်ဖာကို စိတ်ပျော်သွားအောင် လုပ်ပေးစရာ ဘာအကြောင်းမှရှိမနေ။ ခန်းရဲ့ လေယျာဉ်က သူတို့အပြန်ခရီးကို လာကြိုပြီး စံအိမ်မှာပဲ ခရီးဆုံးတယ်။
တစ်လျှောက်လုံး ဖုန်းကောလ်တစ်ခုတောင် လက်ခံမရခဲ့တဲ့ ခန်းက ရဲရဲကိုမြင်တာနဲ့ ပြုံးရွှင်လာပြီး ခရီးဦးကြိုတော့၏။
"ဘာလို့အစောကြီး ပြန်လာတာလဲ ရဲရဲလေး..ပျော်ခဲ့ရဲ့လား"
သွားချင်တဲ့နေရာတွေနဲ့ စားချင်တာတွေ မစားခဲ့ရတဲ့အခါ ရဲရဲက နှုတ်ခမ်းထော်ချင်သည်။ ဒါပေမဲ့လည်း ခန်းစိတ်ချမ်းသာအောင် သူခေါင်းငြိမ့်ပြလိုက်၏။
မျက်နှာရိပ် မျက်နှာကဲ လိုက်ဖမ်းနေတဲ့ ခန်းက ရဲရဲလေးကို သေချာစေ့စပ်စွာ ကြည့်ရှုပြီးနောက် တည်တံ့ဘက်လှည့်လာသည်။
"မင်းကြောင့် ပြန်လာရတာမလား..ဟန်းနီးမွန်းမှာတောင် မင်းသူ့ကိုအလိုမလိုက်ဘူးလား!"
ခန်းက ဆူပူချင်သည့်အခါ တည်တံ့ ဘာမှပြန်မပြောပေ။ ခက်ထန်ပြီး အေးစက်စက်လုပ်နေသည့် အယ်လ်ဖာက ခန်းအနားမှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့အဖေရဲ့မျက်လုံးတွေကို စေ့စေ့ကြည့်လာကာ
"ရဲရဲပိုင်နဲ့ဆူမိုကို ခဏအပ်ခဲ့မယ်"
"မင်းဘယ်သွားမို့လဲ"
"နယ်စပ်"
"ဘယ်တော့လဲ"
"ဒီညနေ"
"ချက်ချင်းကြီး..မင်းတစ်ခုခုဖြစ်နေတာလား"
တည်တံ့က မဖြေလာဘဲ ခေါင်းခါရုံသာခါပြတယ်၊
ခန်းက မယုံကြည်သေးဘဲ အနားမှာရပ်နေတဲ့ ရဲရဲကိုတစ်ချက်ကြည့်လိုက်ပြီး"ရဲရဲ..အပေါ်မှာတည်တံ့အခန်းကို ပြင်ပေးထားတယ်
သားသွားနားတော့လေ ခန်း ဒီလူဆိုးကောင်ကို ဆုံးမစရာလေးတွေရှိလို့"