Unicode
မင်္ဂလာပွဲက ထင်ထားတာထက် တက်ရောက်တဲ့လူပိုများနေတယ်။ ဦးမင်းဆက်နိုင်ရဲ့အသိအကျွမ်းတွေ ရဲရဲပိုင်တို့မိသားစုဘက်က ဆွေမျိုးတွေနဲ့ အသိအကျွမ်းတွေ၊ သူကိုယ်တိုင်ရဲ့ မိတ်ဆွေ မဟာမိတ်တွေ။
နယ်စပ်ဘုရင်ရဲ့ မင်္ဂလာပွဲဖြစ်တာမို့ ဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေနဲ့ သူလက်တွဲလုပ်နေတဲ့ အကြီးအကဲတွေ လက်နက်ကုန်သည်တွေ၊ ပွဲထဲက လူတစ်ဝက်လောက်က သိုးရေခြုံထားတဲ့ မြေခွေးတွေချည်းပဲ။
မင်္ဂလာမောင်နှံဝိုင်းမှာ ရဲရဲပိုင်တို့ မိသားစုနဲ့ ခန်း ထိုင်နေပြီး သော်ဇင်လည်းတူတူရှိနေခဲ့၏။ လုပ်ထုံးလုပ်နည်းတွေပြီးတာနဲ့ ရဲရဲပိုင်က ထိုဝိုင်းဆီဆွေ့ခနဲခုန်သွားပြီး သူကတော့ မြောက်များစွာသော မိတ်ဆွေတွေကို လုပ်ပြုံးကြီးနဲ့လိုက်နှုတ်ဆက်နေရတာပဲ။
လက်ဖွဲ့ကို ငွေသားသီးသန့်လက်ခံတဲ့ အတွက် တစ်ရက်ထဲမှာတင်ပဲ တည်တံ့မြဲမြံရဲ့ ဘဏ်အကောင့်ထဲ သုညတွေအများကြီးတိုးလာခဲ့၏။ ဦးမင်းဆက်နိုင်က Lombok ကျွန်းနှင့် ကျွန်းပေါ်မှာ အပန်းဖြေအိမ်တစ်အိမ်၊ Porche 911 GT3 တစ်စီး။ ရဲရဲပိုင်တို့ဘက်က မြိတ်က ကမာကောင်မွေးမြူရေးလုပ်ငန်းကို သူတို့နှစ်ယောက်အမည်ဖြင့် လွှဲပြောင်းပေးလာသည်။
ဒီလိုပစ္စည်းတွေကို မိသားစုဝင်တွေဆီကပဲ လက်ခံတာဖြစ်ပြီး ကျန်လူတွေကတော့ ငွေသားပင်။ ဓာတုလွန်နဲ့သွေးသက်က ရဲရဲပိုင်နာမည်နဲ့ ဆောက်လုပ်နေဆဲဆေးရုံမှာ VIP စာရင်းသွင်းပေးခဲ့ပြီး ရှေ့လျောက် ကလေးမွေးတာဖြစ်ဖြစ် အနာရောဂါဖြစ်တာဖြစ်ဖြစ် ရဲရဲပိုင်က ဆေးရုံမှာအထူးခံစားခွင့်ရှိတဲ့ VIP လူနာပင်။ ထို့အပြင် မုန့်ဖိုးဆိုပြီး သုညခြောက်လုံးလောက် ရထားလောက်သည်။
"တည်တံ့နဲ့အတူ သွားပြီးနှုတ်ဆက်လိုက်ဦးလေ"
ဝိုင်းထဲက အချိုပွဲကိတ်မုန့်တွေ လိုက်စားရင်း ခေါင်းလေးခါ၏။
မင်္ဂလာစင်မြင့်မှာ အတင်းဖက်နမ်းထားလို့ ရဲရဲက အယ်လ်ဖာအနားကို အခုထိမကပ်ရဲသေး။ မျက်ဆံနီတွေက ညို့ငင်နေပြီး ဆွဲဆွဲဆောင်ဆောင်ရှိလှသည်။ ရမ္မက်ခိုးမြူတွေ ဝေနေပုံရသည့် ထိုအယ်လ်ဖာအနား ဘယ်လိုစိတ်နဲ့ကပ်နေရပါ့။