Unicode
တစ်သက်တာအမှတ်အသားပေးပြီးသည့်နောက် အိုမီဂါလေးအနား ကပ်နေရတာက တည်တံ့မြဲမြံရဲ့ ဝါသနာတစ်ခုဖြစ်လာတယ်။ အချိန်တိုင်းနီးပါး တိုးဝှေ့ပွတ်သတ်ရင်း အသားလေးတွေကို မထင်ရင်မထင်သလို ကိုက်ဖဲ့နေတတ်တဲ့ အယ်လ်ဖာကြောင့် ရဲရဲပိုင်ရဲ့ လက်ကလေးတွေ လည်ပင်းလေးတွေ ပုခုံးလေးတွေနဲ့ ဂလင်းရှိရာဂုတ်ပိုးကလေးတွေမှာပါ ကိုက်ရာတွေကမပြတ်ပေ။
ရှစ်လထဲဝင်လာချိန်မှာတော့ နဂိုက ဗိုက်ထွက်မလာလို့ ငြူငြူစူစူပြောလေ့ရှိတဲ့ရဲရဲက တင်းကားထွက်လာတဲ့ဗိုက်ကြောင့်ပဲ တငိုငိုတရယ်ရယ်နဲ့။ တစ်နေ့တစ်နေ့ ထိုဗိုက်ကလေးရဲ့ လေးလို့ ကိုက်လို့ခဲလို့ ငိုချင်းချသံတွေကိုပဲ တည်တံ့က စိတ်ရှည်လက်ရှည်ချော့နေရတာ။
"ကိုကိုပြောပြီးပြီလေကွာ..ကလေးမွေးပြီးရင် အဆင်ပြေသွားမှာပါလို့၊ အခုကိုကိုနှိပ်ပေးနေတယ်မလား ဘာကိစ္စ ငိုမဲ့မဲ့လုပ်နေရပြန်တာလဲ"
တည်တံ့က အိုမီဂါလေးရဲ့ ခြေဖဝါးလေးတွေကို လက်နဲ့ဖိကာနှိပ်နယ်ရင်း ခြေသလုံးလေးတွေကိုလည်း ဆုပ်နယ်ပေးနေ၏။ ခြေထောက်ကိုက်လို့ မိုးလင်းထဲက ပြဿနာရှာနေတဲ့ ရဲရဲကြောင့် သော်ဇင်ပင်မနေရ။ ဆေးမျိုးစုံရှာဝယ်ပေးရသည်။ ခန်းကတော့ ရဲရဲ ပျော်ရွှင်စေဖို့အရေး စားကောင်းသောက်ဖွယ်တွေ ကြိုးစားပမ်းစားဝင်ချက်နေတော့တာပဲ။
သူတို့တစ်အိမ်လုံးလည်း အခုမှ အငိုသန်တဲ့ကလေးကို ဝိုင်းထိန်းနေရသလိုပင်။ အိမ်ထောင်ပြုမိတာလား ကလေးမွေးစားလိုက်မိတာလားပင် တည်တံ့မသဲကွဲတော့။
"ရဲရဲမှ နေလို့မကောင်းတာ ဘယ်လိုလုပ်ရမှာလဲ၊ ဗိုက်ကလည်းအရမ်းလေးတာပဲ၊ ထပ်ပြီးဖောင်းလာဦးမယ်ဆို ပေါက်ထွက်သွားတော့မယ်ထင်တယ်"
မျက်ရည်လေးလည်ပြီး ငိုချင်နေတော့ တည်တံ့က သက်ပြင်းချတယ်။
"ခြေထောက်ကိုက်တယ်ဆိုလို့ ကိုကိုနှိပ်ပေးနေတယ်လေ။ သက်သာသွားမှာပါ၊ နောက်နည်းနည်းပဲထပ်သည်းခံလိုက်ရင် ကလေးလေးတွေမွေးပြီး အကုန်အဆင်ပြေသွားလိမ့်မယ်"