Unicode"ဒေါက်..ဒေါက်..ဒေါက်"
"..."
"ဒေါက်..ဒေါက်"
"..."
အခန်းတံခါးကို ညှင်သာစွာခေါက်နေပေမဲ့ တုန့်ပြန်ခြင်းရှိမလာပေ။ သော်ဇင်က လက်ဖက်ရည်ဗန်းကို ကိုင်ထားပြီး မနက်စာအတွက်မုန့်တစ်ချို့ ပြင်ဆင်ကာ ခန်းကိုကျွေးဖို့ကြိုးစားနေတာဖြစ်၏။ မနေ့ညထဲက နေလို့မကောင်းဘူးဆိုပြီး ဆေးလာတောင်းသွားသူကြောင့် မနက်စောစော ဆေးတစ်ခွက်တိုက်ဖို့လည်း သူပြင်ဆင်ထားသေးသည်။
"သခင်..ကျွန်တော်ဝင်ခဲ့မယ်နော်"
်ခန်းက ဘယ်တော့မှ လော့မချထားပေ။ ခပ်သာသာလေးတွန်းဖွင့်ဝင်သွားလိုက်တော့ ကုတင်ကြီးပေါ်မှာ ခန်းက အိပ်နေဆဲဖြစ်၏။ လက်ဖက်ရည်ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး စေ့ပိတ်ထားတဲ့ လိုက်ကာတွေကို အရင်လိုက်ဖွင့်သည်။ ဒီအခန်းက မင်းမာန်ရိုင်းနဲ့လက်ထပ်ပြီးထဲက အိပ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အခန်းဖြစ်ပြီး ခန်းမဟာမှူးက မင်းမာန်ရိုင်းဟာ သူ့ကိုအနိုင်ကျင့်လက်ပါတဲ့ အယ်လ်ဖာဖြစ်နေတာတောင် မေတ္တာအခုထိမပျက်သေးကြောင်း သိသာစေသည့်အချက်မှာ ဒီအခန်းကို တန်ဖိုးထားပြီး အခုထိအသုံးပြုနေသေးလို့လည်းပါသည်။
အခန်းထဲမှာ အယ်လ်ဖာရဲ့ ပုံတူတစ်ခုကို နံရံထက်ချိတ်ဆွဲထားပြီး ပုံထဲက မင်းမာန်ရိုင်းဟာ တည်တံ့လို မျက်ဝန်းနီနီတွေနှင့်။ အပေါ်ထပ် အနက်ရောင် သိုးမွှေးခြုံထည်ကြီးကို ဝတ်ဆင်ထားပြီး နှင်းတောထဲမှာဖြစ်သည်။
အနက်ရောင်ခြုံထည်ကြီးအပေါ် နှင်းစက်ဖြူဖြူတွေ တင်ကျန်နေပြီး အယ်လ်ဖာက ရိုင်ဖယ်တစ်လက်ကို ကိုင်ထားသေးသည်။ ခပ်လွန့်လွန့်ပြုံးနေပြီး အေးတိအေးစက်အရှိန်အဝါဟာ ပုံတူထဲမှာတောင် နှင်းစက်တွေနဲ့အပြိုင်ပင်။
အယ်လ်ဖာရဲ့ ခြေထောက်အောက်မှာ ရေခဲတောင်ကျားသစ်လို့ခေါ်တဲ့ အဖြူရောင်ကျားသစ်တစ်ကောင် သေဆုံးနေပြီး အမဲလိုက်ထားခဲ့ပုံရသည်။
ခန်းက ဒီပုံကို အရမ်းသဘောကျတာကြောင့် ပုံကြီးချဲ့ပြီး အခန်းထဲမှာချိတ်ဆွဲထားခဲ့တာ။ ရုတ်တရက်ကြည့်လိုက်ရင် မင်းမာန်ရိုင်းဟာ တည်တံ့နဲ့ သိပ်ကိုတူလွန်းသည်။ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်တစ်ခုကြောင့်ပဲ သူတို့သားအဖက ပြုံးရယ်လိုက်ရင် သိသိသာသာကွဲသွားတာ။