Unicode
တည်တံ့မြဲမြံက ပိုင်စိုးပိုင်နင်းဆန်တယ်။ လူကြီးချင်းစကားပြောလို့ပြီးတာနဲ့ ရဲရဲတို့သားအဖကို သူကအိမ်တန်းခေါ်သွားချင်တာ။ လက်မထပ်ရသေးခင်အထိ သူ့သားကို ထည့်မပေးလိုက်နိုင်ပါဘူးဆိုတဲ့ ယောက္ခထီးကြောင့် မကျေနပ်ပေမဲ့လည်း လက်လျှော့လိုက်ရ၏။ သူ့အဖေနောက်ဝင်ပုန်းနေတဲ့ ရဲရဲပိုင်ကိုလည်း ဆွဲဖြဲချင်တယ်။ အိုမီဂါက သူ့ကိုမနှစ်သက်တာ အဲ့လောက်ထိ သိသာစရာလိုနေလို့လား။
ဦးလင်းထိုက်လွန်ရဲ့ ချိန်းဆိုမှုတွေက အခုတလော များပြားနေပြီး မကြာမကြာ ထိုအယ်လ်ဖာနှင့် ထမင်းလက်ဆုံစားနေရသည်။ တစ်ခါတလေဆိုရင် ဓာတုလွန်ပင် ပါလာတတ်သေး၏။
"ကျွန်တော်စောနေတယ်ထင်တာ အန်ကယ်က ကြိုရောက်နေတာပဲ"
"မင်းက အန်ကယ့်ကိုကူညီမဲ့သူလေ မင်းထပ်နောက်ကျနေရင် ယဉ်ကျေးမှုမရှိဘူးဖြစ်နေမှာပေါ့"
လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဦးလင်းထိုက်ကို လိုက်နှောင့်ယှက်နေတဲ့ အဖွဲ့အစည်းတစ်ခုအား တည်တံ့က လက်စဖျောက်ပေးခဲ့ပြီး ထိုကိစ္စပြီးထဲက သူတို့က ပါတနာတွေလိုဖြစ်လာသည်။ နယ်စပ်မှာ အင်အားပိုကြီးမားလာပြီး လက်ဝါးကြီးအုပ်လာနိုင်တာ ဒီလူကြီးရဲ့ လုပ်ပိုင်ခွင့်တွေကို ထပ်ဆင့်သုံးခွင့်ရထားလို့လည်းပါတယ်။ ဒီတစ်ခေါက်ချိန်းတဲ့ဆိုင်ကတော့ အဆင့်အတန်းမြင့်တဲ့အထဲမပါပေ။ သာမာန်ဈေးကြီးတဲ့ဆိုင်ကလေးတစ်ဆိုင်ပင်။ ဟိတ်ဟန်မပါဘဲ သာမာန်လူတွေပါ ဝင်ထွက်နေတဲ့ဆိုင်။
"ကဲ..မင်းဘာမှာဦးမလဲ အန်ကယ်တို့ကတော့ Johnnie ပဲမှာထားတယ်"
"pyramid တစ်လိပ်ပဲပေးပါ"
ဦးလင်းထိုက်လွန်ရဲ့ ဘေးမှာ ဓာတုလွန်က ငြိမ်သက်စွာထိုင်နေပြီး ဖုန်းကိုငုံ့ကြည့်နေသည်။ တစ်ချက်တစ်ချက်ပြုံးနေပြီး ဘာတွေကိုကျေနပ်နေတယ်မသိ။
"တခြားဟာတော့မဟုတ်ပါဘူး အန်ကယ့်သားက မင်းကိုအကူအညီတောင်းစရာရှိတယ်ဆိုလို့ မင်းတို့ချင်းစကားပြောကြပေါ့ အန်ကယ်ကတော့ ဒီညမှာ နားထောင်သူသပ်သပ်ပါပဲ"