Unicode
အယ်လ်ဖာဆီကနေ ထွက်လာခဲ့တာ တစ်ပတ်ပြည့်သွားပြီ။ တည်တံ့မြဲမြံက သူ့အိမ်ထိလိုက်လာပြီး သောင်းကျန်းလောက်မယ်လို့ ထင်ထားခဲ့ပေမဲ့ အယ်လ်ဖာက အရိပ်အယောင်ပင်ပေါ်မလာချေ။ တစ်ပတ်လုံး အခန်းထဲပဲ နေနေမိတော့ လူက နုန်းချိနေသလို။ ဖေဖေက အလုပ်မသွားခင် ကိုကြီးကိုခေါ်ပြီး မုန့်ဖိုးတွေပေးကာ ညီအကိုနှစ်ယောက် အပြင်ကိုလျှောက်သွားဖို့ မှာခဲ့၏။
ကိုကြီးက ရေချိုးပြီးတာနဲ့ အပြင်ထွက်ဖို့အဆင်သင့်ဖြစ်နေသည်။ ရဲရဲကို မြန်မြန်လုပ်ဖို့ ဖင်တွန်းနေပြီး ပိုင်ထူးလေးကိုတော့ အိမ်မှာလိမ်လိမ်မာမာနေခဲ့ဖို့ မှာနေ၏။
ရဲရဲ ရေချိုးပြီးအောက်ကိုဆင်းလာတော့ ဦးလေးတစ်ဝမ်းကွဲရောက်နေ၏။ ကိစ္စတစ်ချို့ကို နားစွန်နားဖျားကြားလာပုံရပြီး ရဲရဲကို ကြည့်တဲ့မျက်လုံးတွေက စိုးရိမ်တကြီး။ ဦးလေးကိုမြင်ပြီး နှုတ်ခမ်းလေးဆူသွားတဲ့ ရဲရဲကြောင့် လင်းလက်ပိုင်ကရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။ ဖေဖေလေးရဲ့ ညီတစ်ဝမ်းကွဲကို ရဲရဲက သိပ်မပတ်သတ်ချင်ပေ။ လိုတာထက်ပိုပြီး ဂရုစိုက်လွန်းတဲ့အပြင် ငယ်စဉ်အခါက ရဲရဲကိုယူမယ်ဆိုပြီး စနောက်ထားဖူး၍ဖြစ်သည်။
"အလင်းတို့ကို ဦးငယ်လိုက်ပို့ပေးလိမ့်မယ် အားကိုးရတာပေါ့"
ရဲရဲက နှုတ်ခမ်းလေးဆူရင်း မကျေနပ်။
"နှစ်ယောက်ထဲလဲ ရတာကို"
"သားငယ်..မင်းတို့ကိုစိတ်မချလို့ ဖေဖေလေးခေါ်ထားတာ စကားအပြောအဆိုဆင်ခြင်"
ရဲရဲက နှုတ်ခမ်းထော်လေးနဲ့ပဲ အပြင်ကိုခြေဆောင့်ကာထွက်သွားပြီး ကားထဲဝင်ထိုင်နေ၏။ ဦးလေးဝမ်းကွဲကလည်း ရဲရဲနောက်ကိုပြေးလိုက်တော့တာပဲ။ လင်းလက်ပိုင်က ဖေဖေလေးကိုခါးကနေဖက်လိုက်ပြီး ပါးကိုတစ်ချက်နမ်းလိုက်ကာ
"အမျိုးတွေ ပြောဆိုနေကြမှာပေါ့ ဖေဖေလေး"
"ဘာဂရုစိုက်စရာလိုလို့လဲ ဖေဖေတို့မင်းတို့ကိုကာကွယ်ပေးနေတာပဲ သူတို့စကားတွေ ဖေဖေတို့ဂရုမစိုက်ပေါင်"
လင်းလက်ပိုင်က အခြေအနေဟာ ဒီလောက်ထိတည်ငြိမ်နေမည်မဟုတ်ကြောင်း ဖေဖေတို့ကဲ့ရဲ့ခံနေရမယ်ဆိုတာ သိနေပေမဲ့လည်း ပြုံးရင်းမားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ဖေဖေတို့ကြောင့်ပဲ ခေါင်းငြိမ့်ပြကာ လက်ခံပေးဖို့ဆုံးဖြတ်လိုက်တော့သည်။