Chapter 1 ( Uni/ Zawgyi )

8.4K 127 1
                                    

ကျွန်တော်တို့နှစ်ယောက် မင်္ဂလာပွဲတစ်ခုမှာ ပြန်တွေ့ကြတယ်။

" လရောင်... "

" ဗျာ... "

ကျွန်တော်ပြန်ထူးလိုက်မိတယ်။ ဒီနာမည်ကို ဘယ်သူခေါ်လဲ သိနေသည်။ လရောင်ဆိုတဲ့ နာမည်ကို သူကလွဲပြီး ဘယ်သူမှမခေါ်မှန်း သိနေသည့်တိုင် ကျွန်တော်ပြန်ထူးလိုက်မိတယ်။ ၆ နှစ်တာ ကွဲကွာသွားတဲ့အချိန်ကာလအတွင်းမှာ ကျွန်တော် ဒီခေါ်သံကို ရင်းနှီးကျွမ်းဝင်နေတုန်းလား။

" ဒီဘက်ကို လိုက်ခဲ့.. "

" ဟုတ်... "

ကျွန်တော့်နှလုံးခုန်သံတွေ တဖြည်းဖြည်းနဲ့ မသိမသာမြန်လာတယ်။ အနောက်ကနေ ငေးကြည့်နေမိတာကို ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး။ ကျွန်တော့်စိတ်တွေကို မထိန်းချုပ်နိုင်သေးဘူး... ကိုနေ။ ကျွန်တော် ဦးနှောက်က မှတ်သားထားပေမဲ့ နှလုံးသားက အမှတ်သည်းခြေရှိပုံမပေါ်ဘူး။ တားနေရင်းနဲ့ တဒုတ်ဒုတ်ခုန်လာတယ်။

ကိုနေ နေရာချပေးတဲ့အတိုင်းပဲ ကျွန်တော်ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်တယ်။ စကားမပြောရဲသေးဘူး။ အသံတွေတုန်နေမှာစိုးလို့။ မကြည့်မိအောင်နေပြီး စိတ်တွေတည်ငြိမ်အောင် ကြိုးစားနေရတယ်။ ကျွန်တော့်နှလုံးခုန်သံတွေကို နှစ်တွေကြာနေတာတောင် ကိုနေကပဲ ထိန်းချုပ်ထားတုန်းပဲ။ ကိုယ့်ဘာသာကိုယ် မထိန်းချုပ်နိုင်သေးဘူး။

သူဝင်လာကတည်းက ကျွန်တော် သူ့ကိုတွေ့လိုက်တယ်။ သူကတော့ ကျွန်တော့်ကို တွေ့ပုံမပေါ်ဘူး။ လည်ကတုံးလက်ရှည်အဖြူလေးနဲ့ ပုဆိုးနက်ပြာရောင်လေးကို ကတ္တီပါဖိနပ်အနက်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့သူက အသားအရောင်လေးကလွဲပြီး ဘာမှပြောင်းလဲမသွားသေးဘူး။ မျက်လုံးလေးက အေးချမ်းစွာတောက်ပနေဆဲပဲ။ အသားအရေကလည်း အရမ်းကြီး မပြောင်းလဲပါဘူး။ အရင်က ဖြူဖြူဝင်းဝင်းလေးကနေ နည်းနည်းလေး ဝါညက်ညက်လေး ဖြစ်သွားရုံပါ။ တကယ့်ကို နည်းနည်းလေး။ ဒီလိုလေးကလည်း တစ်မျိုးလေး ကြည့်ကောင်းတာပဲ။ သပ်သပ်ရပ်ရပ် ဖြီးသင်ထားတဲ့ ဆံပင်ပုံစံကြောင့် ရည်မွန်တဲ့သူ့ပုံစံက ပင်ကိုအတိုင်းပေါ်လွင်နေတယ်။

My Kind-hearted Boyfriend ( Completed )Where stories live. Discover now