Chapter 29 ( Uni / Zawgyi )

979 21 0
                                    

သူကြီးရော၊ ဆရာမကြီးရော၊ အခြားလူကြီးပိုင်းအချို့ပါ စောစောစီးစီး သူ့အိမ်သို့ရောက်လာကြသည်။ အစက သွားတွေ့မှာဖြစ်သော်လည်း မနက်ကျ သူတို့ကရောက်ချလာ၍ အိမ်မှာသာ စကားလက်စုံကျနေကြသည်။ ဟုတ်ပါသည်၊ အလှူရှင်များကို လာတွေ့သင့်သည် မဟုတ်ပါလား။

လူကြီးများသာ စကားဝိုင်းဖွဲ့နေကြခြင်းမဟုတ်၊ ကလေးများမှာလည်း ' ဦးဦး ' ဆိုပြီး ပြေးဝင်ချလာကြသဖြင့် လက်ခံတွေ့ဆုံပေးနေရသေးသည်။ နေရောင်ထွန်းလျှံက ဝယ်လာသည့် လက်ဆောင်များကို တစ်ယောက်ချင်း ဝေပေးနေ၍ ကလေးများမှာ တဝေးဝေးနှင့် ပွဲတော်ကျနေကြသည်။

လရောင်ရှိန်ကတော့ လူကြီးစကားဝိုင်းတွင် ထိုင်နေရသလို၊ ကလေးများဘက်လည်း မပါမဖြစ်ဝင်ပါရသေးသည်။ တဝေးဝေး တဟေးဟေး ဖြစ်နေကြသောကြောင့် စကားဝိုင်းမှထလာကာ ကလေးအုပ်စုဆီ သွားရသည်။

" သားတို့ သမီးတို့.... လူကြီးတွေ စကားပြောနေကြတယ်.... အသံနည်းနည်းလျှော့ကြ "

ဆရာဖြစ်သူမှ လာသတိပေးသောအခါ ဇက်ကလေးများ ပုသွားရသည်က ကလေးများတင်မဟုတ်၊ နေရောင်ထွန်းလျှံပါ ဇက်ပုသွားရသည်။ ကလေးများကြား သူကလူကြီးမဟုတ်ပါလား။ ထို့နောက် လက်ညှိုးလေး နှုတ်ခမ်းပေါ်တင်ကာ ကလေးများကို ' တိုးတိုးနေ ' ဟု အမူအယာနဲ့ပြနေသည့် နေရောင်ထွန်းလျှံကို ပြုံးကြည့်ပြီး ခေါင်းခါကာ ထွက်သွားသည်။ ကျောင်းကိစ္စစကားဝိုင်းတွင်လည်း သူမပါ၍ မကောင်းသည်မို့ ကလေးများကို နေရောင်ထွန်းလျှံနဲ့သာ လွှတ်ထားရသည်။ ဆရာထွက်သွားပြီးနောက် အသံတိတ်ပျော်နေကြသည့် ကလေးများ၏အပြုံးတွေက လင်းလက်နေကြသည်။

နေ့လည်ပိုင်းတွင်တော့ ခက်မေရီတစ်ယောက် ဗိုက်တကားကားနဲ့ လရောင်ရှိန်ဆီ ရောက်ချလာသည်။ လရောင်ရှိန်တို့ကတော့ တစ်ယောက်မှ အိမ်မှာမရှိကြပေ။ သူကြီးက အလှူရှင်များကို ထမင်းစားဖိတ်ပါသည်ဆိုသောကြောင့် သူကြီးအိမ် ရောက်နေကြသည်။ ပြန်အလာတွင်တော့ ခက်မေရီကို တွေ့လိုက်ရသည်မှာ ထောင့်မကျိုးလွန်းတာကြောင့် ဒေါ်မိုးသက်ဝေမှာ မျက်စိမှေးကျဉ်းကာ မျက်ခုံးများ တွန့်ချိုးမိသွားသည်။ ရယ်ရယ်ပြုံးပြုံးနဲ့ စကားပြောလာကြသော သူတို့လေးယောက်မှာ ချက်ချင်းတိတ်ဆိတ်ကာ မျက်မှောင်ကျုတ်မိသွားကြသည်။

My Kind-hearted Boyfriend ( Completed )Where stories live. Discover now