Chapter 13 ( Uni/ Zawgyi )

1.4K 35 1
                                    

၆ နာရီကျော်ကျော်လောက်သာ ရှိသေးသော်လည်း အိမ်အောက်မှ အသံတွေကြောင့် နေရောင်ထွန်းလျှံ နိုးလာသည်။ အရင်က စောစောထဖြစ်သော်လည်း အိပ်ရာအပြောင်းအလဲကြောင့် ညက တော်တော်နဲ့ အိပ်မရဘဲ ဉာဉ့်နက်မှ အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့် အိပ်ရေးတော့ဖြင့် မဝသေး။ အညာခြေတံရှည်အိမ် ဖြစ်သည်မို့ အိမ်အောက်သို့ ဆင်းလာခဲ့သည်။

" သား..! သားအတွက်ရော "

" ရော့.. ဒီမှာ သား ကျော်မြတ်အတွက်က ရောင်စုံနဲ့ ပုံဆွဲစာအုပ် "

ပန်းချီဝါသနာပါသော ကျော်မြတ်ကလေးမှာ ပျော်ရွှင်စွာ မျက်နှာဝင်းပသွားသည်။ လရောင်ရှိန် လှမ်းပေးသည့် ရောင်စုံဘူးလေးနဲ့ စာအုပ်ကိုယူပြီး ခုန်ပေါက်နေသည်။

" ရေး...! သား ရောင်စုံလိုချင်နေတာ ကြာပြီ... ကျေးဇူးတင်ပါတယ် ဆရာ "

ကျော်မြတ်လေးနဲ့ လက်ဆောင်ရကြတဲ့ ကလေးများ အပြစ်ကင်းစွာ ပျော်ရွှင်ရယ်ပြုံးနေကြတာကိုကြည့်ရင်း လရောင်ရှိန်၏စိတ်ထဲ၌ ကြည်နူးပီတိတွေ တဖွားဖွားဖြစ်တည်လာသည်။ လရောင်ရှိန်က ကလေးတွေ တကယ်လိုအပ်သည့်အရာများကိုသာ ဝယ်လာပြီး လက်ဆောင်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးများက ပို၍ပင်ပျော်ကြတော့သည်။ ကလေးငယ်များနဲ့အပြိုင် ဖြူစင်စွာပြုံးနေသူကိုလည်း လှေကားမှဆင်းလာသူက ကောင်းကောင်းကြီး ငေးကြည့်နေ‌လေသည်။

" စန္ဒာ.. ဒါက သမီးအတွက်.. ဖိုးပြည့်အတွက်ကတော့ ဒါလေး "

" ကျေးဇူးတင်ပါတယ် ဆရာ "

" ကျေးဇူးတင်ပါတယ် ဆရာ "

ကလေးငယ်များက တရိုတသေ လက်နှစ်ဖက်နဲ့ ယူကြသည်ကိုကြည့်ပြီး တောရွာမှကလေးငယ်များဖြစ်သော်လည်း ယဉ်ကျေးလိမ္မာကြသည်ဟု စိတ်ထဲ၌ မှတ်ချက်ပြုလိုက်သည်။ သွန်သင်ပေးသူကလည်း လရောင်ရှိန်ဖြစ်နေသည်ကို တွေးမိပြန်တော့ နေရောင်ထွန်းလျှံတစ်ယောက် ပြုံးနေမိသည်။

" ကိုနေ... ဆူညံသံတွေကြောင့် နိုးလာတာထင်တယ် "

လှေကားအဆုံးမှာ မတ်တပ်ရပ်နေတဲ့သူကိုမြင်တော့ လရောင်ရှိန် ပြောလိုက်သည်။ သူတို့ဆရာမှ ထိုသို့ပြောလိုက်သဖြင့် ခုန်ပေါက်ရယ်မောနေကြသည့် ကလေးများက မီးကို ရေနဲ့ငြှိမ်းလိုက်သလို ဟုတ်ခနဲ ငြိမ်ကျသွားသည်။ ပါးစပ်လေးများကို လက်လေးတွေနဲ့ပိတ်ကာ ချက်ချင်းတိတ်ဆိတ်သွားကြတဲ့ ကလေးတွေက ချစ်စရာလေးများပင်။ သူတို့ဆရာစကား တော်တော်နားထောင်ကြသည်ထင့်။

My Kind-hearted Boyfriend ( Completed )Where stories live. Discover now