ပုံမှန်ထက်ပိုပြီး နွမ်းဖတ်ဖတ်ဖြစ်နေတဲ့အသံလေးကြောင့် မင်းထင်စိုးရိမ်သွားသည်။ နေမကောင်းတာကြောင့် ဒီရက်တွေထဲ မတွေ့ရတာဖြစ်နိုင်သည်။ ပိုင်မြတ်ဘုန်းသော်ရဲ့ အကြောင်းကိုလည်း သေချာမသိတော့ အခုလိုနေမကောင်းနေချိန် အဆင်ပြေရဲ့လားလည်းမပြောတတ်ပေ။ ဆရာတစ်ယောက်အနေနဲ့ တာဝန်ယူထားပြီး တစ်ခုခုဆို ဘာမှမသိတာမို့ မင်းထင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်အပြစ်တင်မိသည်။
" ကိုကို လာခဲ့ပေးပါ။ ကျွန်တော့်နားမှာ ဘယ်သူမှမရှိဘူး "
အသံတိုးတိုးလေးထဲ အားငယ်ရိပ်တွေကိုပါ ဖမ်းမိလိုက်တော့ မင်းထင် သိပ်အများကြီးမတွေးနေတော့ချေ။
" ကိုယ့်ကို လိပ်စာပြောပြ "
ပြောနေရင်းဖြင့် ဖြတ်သွားဖြတ်လာ Taxi တစ်စီးကိုလက်တားလိုက်ကာ အထဲဝင်ထိုင်လိုက်သည်။ ပိုင်မြတ်ဘုန်းသော်ပြောသည့်လိပ်စာအတိုင်း ကားဆရာဆီပြန်ပြောပြရန်ပြင်ထားသော်လည်း မထင်မှတ်ထားတဲ့လိပ်စာကြောင့် မင်းထင်ရဲ့လှုပ်ရှားမှုတို့ရပ်တန့်သွားသည်။
" လာခဲ့နော် ကိုကို။ ကိုကိုလာမယ် ဆိုတဲ့အကြောင်းကျွန်တော်ပြောထားတယ် လမ်းမှာဂရုစိုက်ဦးနော် ကျွန်တော် စောင့်နေမယ်။ "
ခပ်ချွဲချွဲလေးပြောကာ ဖုန်းချသွားသော်ငြား မင်းထင်ကတော့ ပိုင်မြတ်ဘုန်းသော်ပြောခဲ့တဲ့ လိပ်စာကြောင့်သတိမဝင်သေးပေ။ အဲ့နေရာက လုံခြုံရေးတင်းကြပ်ထားတဲ့ နိုင်ငံတော်နယ်မြေကို။မင်းထင်လို ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားအနေနဲ့ မည်သို့မျှဆက်နွယ်ခြင်းမရှိသည့်နေရာလည်းဖြစ်သည်။
" ဟေ့ ကောင်လေး နေရာလည်းမပြောသေးဘူး ဘယ်ကိုပို့ပေးရမလဲ "
ဆက်ဆံရေးကြဲပုံရသည့် ကားဆရာက ဘောက်ဆတ်ဆတ်ဖြင့်ပြောလာသည်။
" ကျွန်တော်လက်ဆောင်ဝင်ဝယ်ရဦးမှာမို့ သစ်သီးခြင်းတွေရောင်းတဲ့နေရာဆီ အရင်မောင်းပေးပါ။ "
သွားဖို့ပြောထားပြီးပြီမို့ စကားဖျက်တာမကောင်းပေ။ မင်းထင်ရဲ့နောက်ကြောင်းကလည်း တော်ရုံစုံစမ်းသိနိုင်ဖို့ မလွယ်ကူတာကြောင့် စိတ်လျော့ထားလိုက်သည်။
YOU ARE READING
Bloody Rose & Red Wine
FantasyDominant Alpha & Enigma Both Zawgyi & Unicode are available.