Part-27

51 12 4
                                    

နောက်ထပ်ရက်အနည်းငယ်အကြာတွင် မင်းထင်အိပ်ရာနိုးလာချိန်မှာတော့ အိမ်အတွင်းအပြင် ထောင့်ချိုးတွေတိုင်းမှာ နက်ပြာရောင်ယူနီဖောင်းများဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စောင့်ကြပ်နေကြသည်ကို တွေ့မြင်လိုက်ရသည်။တစ်နေကုန်လို့ စကားတစ်လုံးမျှတောင်မပြောဘဲ ကျောက်ရုပ်ကြီးတွေချထားသလို သေနတ်ရှည်များဖြင့် တောင့်တောင့်ကြီးသာ မတ်တပ်ရပ်နေကြသည်။

မင်းထင်ကတော့ စိတ်ထဲမထားပေ။ အိမ်ကိုလာတဲ့ အိမ်အကူအဒေါ်ကြီးတွေက ၂ယောက်ဖြစ်ကာ တစ်ရက်ကိုတစ်ယောက် အလှည့်ကျလာလေ့ရှိသည်။ ထိုအထဲကမှ စိတ်ထားနူးညံ့ဟန်ပေါ်တဲ့ အိမ်အကူအဒေါ်ကြီးတစ်ယောက်ဆိုလျင် မင်းထင်နှင့်ပင် ရင်းနှီးစရှိလာပြီဖြစ်သည်။သို့သော် သူ့အလုပ်အတွက် အခက်အခဲတစ်ခုခု ဖြစ်လာမှာစိုးတာကြောင့် မင်းထင်အနေနဲ့ စကားသိပ်မပြောမိပေ။

မင်းထင်ကို နေအိမ်အကျယ်ချုပ်ပုံစံမျိုးထားသော်ငြား လှုပ်ရှားမှုမှန်သမျှကို အသေအချာစောင့်ကြည့်နေကြမှန်း သိနိုင်သည်။ CCTVတွေ ၊အသံဖမ်းစက်တွေ နဲ့ လုံခြုံရေးရဲဝန်ထမ်းတွေအပါအဝင် တခြားသတိထားနိုင်ဖို့မလွယ်ကူတဲ့ ထောက်လှမ်းရေးကိရိယာပစ္စည်းတွေကိုပါ အိမ်ရဲ့မည်သည့်နေရာမှမလွတ်အောင် တပ်ဆင်ထားကြသည်။ အဲ့ဒီကိစ္စအတွက် ပိုင်မြတ်ဘုန်းသော်နဲ့ ပြောစရာရှိတာမို့ အခု အိမ်အောက်ထပ်က ဧည့်ခန်းထဲမှာ လာစောင့်နေခြင်းပင်။

စရောက် ရောက်ချင်းညမှာပဲ ကတောက်ကဆဖြစ်ပြီးသွားကြကတည်းက မင်းထင်နဲ့ ပိုင်မြတ်ဘုန်းသော်တို့ မျက်နှာချင်းမဆိုင်ဖြစ်ကြသေးပေ။ ပိုင်မြတ်ဘုန်းသော်က တစ်ခါတစ်လေ အိမ်မှာတစ်နေကုန်ရှိနေတတ်သော်ငြား အချို့ရက်တွေမှာတော့ ရုံးချုပ် ၊ဌာနချုပ်နဲ့အိမ်ကို ခေါက်တုံ့ခေါက်ပြန်သွားနေရသည်။ သူတို့KISAကနိုင်ငံ့ ရဲဝန်ထမ်းတွေရဲ့ဘဝကလည်း မလွယ်ကူပေ။ မင်းထင်တို့ ဂိုဏ်းမာဖီးယားလုပ်တုန်းကတော့ တစ်လမှာတစ်ပတ်လောက်သာ အလုပ် လုပ်ပြီး ကျန်တဲ့ရက်တွေကတော့ နေချင်သလိုနေလို့ရပြီဖြစ်သည်။

မင်းထင် အရှေ့ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေကြသည့် လုံခြုံရေးရဲတွေကိုကြည့်ကာ အတွေးပွားနေရင်း အဒေါ်ကြီးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

Bloody Rose & Red WineWhere stories live. Discover now