Part-19

72 12 0
                                    

မျက်စိစူးသည်အထိ မီးအလင်းရောင်များ ထိန်လင်းနေသည့် မိုဟာဇက်မြို့ဟာ လူချမ်းသာအသိုင်းအဝိုင်းတွေ ၊အထက်တန်းစားနေထိုင်မှုတွေနဲ့ ပြည့်နှက်နေသည့်မြို့ကြီးတစ်မြို့ဖြစ်သည်။ ငြိမ်ဝပ်ပိပြားတဲ့ Ramdomiaနဲ့ နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံထဲမှ မြို့ကြီးတစ်မြို့ဖြစ်ကာ Rosa śangre အဖွဲ့အစည်းရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားရာနေရာဖြစ်သည်။

အထူးသဖြင့် မိုဟာဇက်ရဲ့ ညပိုင်းတွေဟာ အန္တာရယ်များစွာဖြင့် လှပကြသည်။ လောင်းကစားမြို့တော် ဟုနာမည်ကျော်ကြားသည့် မိုဟာဇက်မှာ ညဦးပိုင်း ခြောက်နာရီကျော်တာနဲ့ အပျော်တမ်း Casinoဝိုင်းတွေ ၊မာကျောက်ဝိုင်းတွေမှာ စည်ကားစွာဖြင့် ပိုက်ဆံဖြုန်းကြသည်။ ပိုက်ဆံရှိကာ အလောင်းအစားဝါသနာပါသည့် လူကုံထံအသိုင်းအဝိုင်းတွေလည်း လာရောက်ပျော်ပါးကြသလို ကံတရားကိုပုံအပ်ကာ ကြွယ်ဝချမ်းသာချင်ကြတဲ့ လူလတ်တန်းစားအချို့လည်း ဝင်ရောက်ရောထွေးနေကြသည်။

နိုင်ငံချင်းနီးကပ်နေတဲ့ Ramdomiaနဲ့မတူဘဲ ဒီနိုင်ငံရဲ့ လုံခြုံရေးဟာ အလွန်လျော့ရဲနေပြီး နိုင်ငံဝန်ထမ်းတွေကို ချုပ်ကိုင်နိုင်ဖို့အတွက် ပိုက်ဆံတစ်ခုတည်းသာလိုအပ်သည်။ ထို့ကြောင့် မြို့လယ်ခေါင်မှာပင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ထားသည့် လောင်းကစားအဆောက်အအုံကြီးတွေဟာ တားဆီးပိတ်ပင်မည့်သူမရှိဘဲ သာသာယာယာပင် လုပ်ကိုင်နေကြသည်။ ငါးဒေါ်လာမှစ၍ ဒေါ်လာတစ်သိန်းအထိ လောင်းကစားဝိုင်းတွေ အမျိုးမျိုးအစားစားရှိကြသည်။ မိမိပိုက်ဆံနှင့် တတ်နိုင်သည့်နေရာမှ စ ကစားရုံပင်။

စောင့်ကြည့်ရေးလျှို့ဝှက်ကင်မရာတွေလည်း တပ်ဆင်ထားကာ ဝိုင်းတိုင်းမှာ အနက်ရောင် Suitများဖြင့် သက်တော်စောင့်တွေက လှည့်ပတ်စောင့်ကြည့်နေတာမို့ ဘယ်သူမှ မမှန်မကန်မလုပ်ရဲသလို စရိုက်ဆန်ဆန်ပြဿနာလည်း မရှာရဲကြပေ။ မဟုတ်ပါက ခွေးလိုမောင်းထုတ်ခံရမည်ဖြစ်ကာ ဘယ်တော့မှလည်း ဒီနေရာတွေဆီကို ထပ်မံခြေချခွင့်မရှိတော့ချေ။

ဒီမြို့ကြီးမှာ လောင်းကစားလုပ်နိုင်တဲ့ အဆောက်အအုံတွေအများအပြားရှိသော်လည်း ထိုထဲကမှ သုံးပုံနှစ်ပုံကိုတော့ Rosa śangreအဖွဲ့အစည်းက ပိုင်ဆိုင်တာဖြစ်သည်။ သင်းပျံ့တဲ့စံပယ်ရနံ့ဖျော့ဖျော့လေးဖြင့် ခန်းမတစ်ခုလုံးကို မွှေးပျံ့စေကာ တန်ဖိုးကြီးသားမွေးခြေခင်းများ နှင့် ခန်းမလယ်က မျက်နှာကြက်မှာတပ်ဆင်ထားသည့် ရွှေရောင်မီးဆိုင်းကြီးက ဒီနေရာရဲ့ အဆင့်အတန်းကို ဖော်ညွှန်းနေလေသည်။

Bloody Rose & Red WineWhere stories live. Discover now