ကျောင်းသားရေးရာကိစ္စတွေ ကိုင်တွယ်လေ့ရှိတဲ့ မင်းထင်ရဲ့ရုံးခန်းထဲ ပိုင်မြတ်ဘုန်းသော် ရောက်နေလေသည်။အရင်ကလည်း ခဏခဏရောက်ဖူးပေမဲ့ အခုကတော့ မတူပေ။ မင်းထင် နဲ့ ပြောစရာရှိလို့ ဟုဆိုကာ လူရှင်းတဲ့ မင်းထင်ရဲ့ရုံးခန်းထဲ လက်ဆွဲခေါ်လာပြီး မှုန်မှိုင်းနေသည့်မျက်နှာပေးဖြင့် မင်းထင်ကို စိုက်ကြည့်နေသည်။ မြက်ခြောက်စလေး အနည်းငယ်ကလည်း ခေါင်းပေါ်ကပ်နေကာ မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် စိတ်ဆိုးနေပုံရတဲ့ ပိုင်မြတ်ဘုန်းသော်က တကယ့်ကို အူယားစရာလေးပင်။
လူထောင်နဲ့ချီရှိနေတဲ့ကွင်းထဲ တကယ် မလုပ်လောက်ဘူး လို့ ထင်တာကြောင့် စနောက်လိုက်သော်ငြား ပိုင်ကိုယ်တော်လေးက တကယ်ပင် ပစ်လဲချလိုက်လေသည်။
ဘုတ်!
" ဟဲ့ ဟဲ့! ကလေးတစ်ယောက် လဲသွားပြီ မူးသွားတာလားမသိဘူး ထူပေးလိုက်ကြပါဦး! "
အနီးနားမှာ ရှိနေကြတဲ့ စတုတ္ထနှစ်တွေ နဲ့တတိယနှစ်တွေရဲ့ ပျာပျာသလဲလဲအော်သံတွေက ဆက်တိုက်ထွက်လာလေသည်။ ထိုကောင်လေးကလည်း အမှန်တကယ် မေ့လဲသွားဟန်ဖြင့် မျက်စိကို တင်းတင်းမှိတ်ထားကာ တစ်ချက်မှမလှုပ်ပေ။ လုပ်ရဲသည့်သတ္တိကိုတော့ အမှန်ပင်ချီးကျူးရမည်ဖြစ်သည်။
" ကျွန်တော်လုပ်လိုက်မယ် ရတယ် "
မင်းထင် ပြောလည်းပြောရင်း ဒူးတစ်ဖက်ထောက်၍ ခေါင်းမ လိုက်ပြီး လက်တစ်ဖက်က ကျောနောက်ပိုင်းသို့လျှိုဝင်ကာ နောက်တစ်ဖက်ကတော့ ဒူးကောက်ကွေးကနေ ပင့်မလိုက်သည်။ ပိုင်မြတ်ဘုန်းသော် မင်းထင်ကို ဒီလို တစ်ခါပွေ့ချီဖူးတုန်းကတော့ အေးအေးသာသာပင်ဖြစ်သော်ငြား မင်းထင် ပြန်ချီတဲ့အခါကျမှ ဟန်ချက်ညီအောင်ပင် မနည်းထိန်းနေရသည်။
မင်းထင်ပါ ပစ်လဲလို့မရတာကြောင့် ခြေထောက်အားကို အတတ်နိုင်ဆုံး တင်းထားလိုက်ပြီး လူအုပ်ကြားထဲက ထွက်ရတော့သည်။ မင်းထင်ထက် ပိုထွားသည့်ကောင်လေးတစ်ယောက်ကို မင်းသမီးချီ ချီပြီးလျှောက်ရတာ လွယ်တော့မလွယ်လှပေ။ ကျောင်းအုပ်ကြီးကလည်း သူ့နေရာကနေ မိုက်နဲ့အကျိုးအကြောင်းလှမ်းမေးရှာပေမဲ့ မင်းထင်တို့ ထွက်သွားတာကိုမြင်တော့ သူ့မိန့်ခွန်းစကားကိုသာ ပြန်ဆက်နေလေသည်။
YOU ARE READING
Bloody Rose & Red Wine
FantasyDominant Alpha & Enigma Both Zawgyi & Unicode are available.