မကြားခဲ့ရတာ နှစ်တွေအတန်ကြာရှိပြီဖြစ်သော်ငြား ဘယ်တော့မှမေ့လို့ မရနိုင်မည့်အသံပင်။ သေကောင်ပေါင်းညွန့် အလူးအလဲခံစားခဲ့ရပြီး ပြန်တွေ့မှာပါ ဟူသည့်မျှော်လင့်ချက်ခပ်ဖျော့ဖျော့လေးဖြင့်သာ နေ့ရက်တွေကိုဖြတ်ကျော်ခဲ့ရတဲ့လူအတွက် အခြေအနေတွေက ရုတ်တရက်ဆန်လွန်းသည်။ လက်ခံနိုင်စွမ်းမရှိသေးစွာဖြင့် မျက်ဝန်းအကြည့်တို့ကို ချထားလိုက်သော်လည်း မျက်ဝန်းထောင့်ကနေ တရွေ့ရွေ့နီးကပ်လာသည့် ကိုယ်ဟန်အနေအထား နှင့်စကားသံတို့က သူ့ရဲ့အတွေးတို့ကို ပိုသေချာစေသည်။
မစ်စတာ ရိုမန်ကတော့ ပီသတဲ့အပြုံးတစ်ခုကို ချိတ်ဆွဲထားဆဲပင်။ ရုတ်တရက် ထွက်ပေါ်လိုက်တာကြောင့် ရှော့ရသွားသူကို အချိန်အေးဆေးပေးထားသည်။ သူ့အတွက်လည်း နည်းတူအချိန်လိုသေးတာကြောင့်ပင်။ အများကြီး ပြောင်းလဲသွားသည်။ အပြုံးချိုချိုလေးဖြင့် သူ့အနောက်က တကောက်ကောက်လိုက်ပါနေတတ်သည့် ကောင်ငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ အားလုံးရဲ့အထက်မှာ ဦးဆောင်မှုပြုနိုင်သည့် အမျိုးသားတစ်ယောက် ဖြစ်လာခဲ့လေပြီ။
ဒီနှစ်တွေအတွင်းမှာ မင်းထင်ရော ၊သူရော အမြင့်ဆုံးနေရာတွေဆီ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် မတူကွဲပြားသည့် အခြေအနေများဖြင့်သာဖြစ်သည်။ မင်းထင်က နိုင်ငံတော်အလိုရှိဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အာဏာသက်ရောက်သူဖြစ်ပြီး သူကတော့ တရားမျှတမှုရဲ့ဘက်တော်သား ဥပဒေဘောင်အတွင်းမှာလုပ်ကိုင်နေသည့် စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင်ပင်။ နှစ်ယောက်လုံးက ပြဒါးတစ်လမ်း ၊သံတစ်လမ်းဖြင့် ရပ်တည်ရာတွေက ဆန့်ကျင်နေသည်။
အချိန်အတန်ကြာသည်အထိ လက်ဆွဲနှုတ်ဆက်ရန် ကမ်းလင့်ပေးထားသည့်လက်ကို ပြန်မတုံ့ပြန်တာမြင်သော်ငြား မစ်စတာ ရိုမန်က အပြုံးမပျက်ပေ။ လက်ကိုပြန်ဆုတ်ကာ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလိုက်ရင်း အနည်းငယ် ရင်မော့ကာဖြင့်ပြောလာသည်။
" ပိုင်က ကိုယ့်ကိုမတွေ့ရတာကြာတော့ စိမ်းသက်နေပြီထင်ပါရဲ့ "
" ...... "
ခန်းမတစ်ခုလုံး အတွေးကိုယ်စီ ၊မေးခွန်းကိုယ်စီဖြင့် အပ်ကျသံမကြားအောင် တိတ်ဆိတ်နေရင်း သူတို့ကြားထဲက အခြေအနေတွေကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည်။ မစ်စတာ ရိုမန် လိုလူမျိုးကိုတောင် ဒီလိုအပေါ်စီးက ဆက်ဆံရဲသည့်အပြင် ထိုလူကိုလည်း မစ်စတာ ရိုမန်က စိတ်ထင့်ခြင်း ၊ဒေါသထွက်ခြင်း အလျင်းမရှိပ။ ကြုံခဲလှသည့် အဖြစ်အပျက်မျိုးဖြစ်တာကြောင့် သိလိုစိတ်တွေက ပိုပို၍သာတိုးလာသည်။
YOU ARE READING
Bloody Rose & Red Wine
FantasyDominant Alpha & Enigma Both Zawgyi & Unicode are available.