Part-24

57 13 4
                                    

တစ်ချိန်တည်းမှာပဲ KISAထဲမှာလည်း ထောက်လှမ်းစစ်ဆေးရေးရဲတွေအားလုံး စုဝေးကာ Rosa śangreမှာ လျှို့ဝှက်အသွင်ယူကာ ဝင်ရောက်နေကြသည့်စပိုင်တွေထံမှ ပေးပို့လာသည့် သတင်းအချက်အလက်တွေကို အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြသည်။ အချက်အလက်တွေအားလုံး ပြည့်ပြည့်စုံစုံရခါနီးမှာမှ KISAဘက်ကပို့လွှတ်ထားသည့် လျှို့ဝှက်ထောက်လှမ်းသူတွေနှင့် မည်သို့မှအဆက်အသွယ်မရတော့ချေ။

နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သည်က လွန်ခဲ့တဲ့လေးရက်တုန်းကဖြစ်ပြီး ထိုကတည်းက Rosa śangreရဲ့ သတိထားမိခြင်းကို ခံနေရပြီဖြစ်ကြောင်း KISAဘက်ကို ပြန်သတင်းပို့ထားသည်။ ဒီထောက်လှမ်းရေးနယ်ပယ်မှာပဲ လုပ်ကိုင်နေကြတဲ့သူတွေဖြစ်တာကြောင့် လျှို့ဝှက်စပိုင်တွေနဲ့ အချိတ်အဆက်မရတော့ဘူးဆိုလျင် ဖြစ်နိုင်ချေအများဆုံးက တစ်ဖက်က ဖမ်းမိသွားခြင်းကြောင့်ပင်။

သို့သော်ငြား တာဝန်အသိတတ်ဆုံး လျှို့ဝှက်စပိုင်တွေဖြစ်သည်နှင့်အမျှ နောက်ဆုံး သူတို့ကို ဖမ်းမမိသေးခင်အချိန်အထိ KISAဘက်ကို ရသလောက် အရေးကြီးအချက်အလက်တွေနဲ့ ထိုငွေတုတွေနဲ့ပတ်သက်ပြီး Rosa śangreက ဘယ်လိုလုပ်ဖို့စီစဉ်ထားကြောင်းပါ ကုတ်နံပါတ်တွေနဲ့အတူ ပေးပို့သွားခဲ့သည်။ နည်းပညာပိုင်းက ရဲမေ အေမီနှင့်အတူ အခြားကွန်ပျူတာသိပ္ပံဘွဲ့ရ လက်ထောက်ရဲနှစ်ယောက်ရဲ့ အချိန်သုံးနာရီကြာ ကြိုးပမ်းမှုအပြီးမှာတော့ ကုတ်နံပါတ်တွေအားလုံးကို ဖော်ထုတ်လိုက်နိုင်သည်။

" ပိုက်ဆံရွက်အတုတွေအားလုံးရဲ့ တန်ဖိုးက ဒေါ်လာရှစ်သန်းနဲ့အထက်ဖြစ်ပြီး ဈေးကွက်ထဲဖြန့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ ပြောတယ် "

ရဲမေ အေမီက သူဖော်ထားတဲ့ ကုတ်နံပါတ်တွေအတိုင်း ရှိနေသည့်အချက်အလက်တွေကို ဖတ်နေသည်။

" ဘယ်အချိန်စဖြန့်မလဲ ဆိုတာရော ပို့ထားတဲ့အထဲပါလား "

အေမီရဲ့ အနောက်မှာရပ်ကာ ကွန်ပျူတာပေါ်က ကုတ်နံပါတ်တွေကိုကြည့်နေသည့် ပိုင်မြတ်ဘုန်းသော်က မေးလာသည်။

" ပါတော့ပါတယ်။ ဒါပေမဲ့ အတိအကျတော့မဟုတ်ဘူး သူတို့ကိုကြည့်ရတာ ရက်အတိအကျကို သိနိုင်ဖို့ အရဲစွန့်ထောက်လှမ်းရင်း အမိခံလိုက်ရတဲ့ပုံပဲ "

Bloody Rose & Red WineWhere stories live. Discover now