ပိုင်မြတ်ဘုန်းသော်ရဲ့အိမ်နေရာက KISAနဲ့ သိပ်မဝေးကွာပေ။ဆယ့်ငါးမိနစ်လောက်မောင်းရုံဖြင့် ရောက်နိုင်ပြီး သာမန်ရိုးရိုးရပ်ကွက်လေးထဲမှာပဲ တည်ရှိနေတာဖြစ်သည်။ ဘယ်သူကများ ဒီလိုနေရာမှာ မစ်စတာ ရိုမန်ကို ထားလိမ့်မယ် လို့ထင်ပါ့မလဲ။ ညတွင်းချင်းပဲ မင်းထင်ကိုခေါ်ကာ KISAရဲ့ဌာနချုပ်ကနေထွက်လာပြီး ဒီနေရာကိုမောင်းနှင်လာတာပင်။
မြေကွက်အနေအထားကတော့ အတော်အသင့်ကျယ်ဝန်းကာ အဆောက်အဦးကိုတော့ နှစ်ထပ်တိုက်ဖြူနှစ်ခုရဲ့အလယ်မှာ ကားလမ်းကြောင်းဖြင့် ရေကူးကန်အပါအဝင် ပန်းခြံလေးတစ်ခုပါ ရှိသေးသည်။ မိသားစုအိမ်ပုံစံလေးဖြစ်ပေမဲ့ ပိုင်မြတ်ဘုန်းသော်ကတော့ တစ်ယောက်တည်းသာနေပုံရသည်။ အိမ်အတွင်းထဲလည်း တိတ်ဆိတ်နေကာ မီးအလင်းရောင်တွေကတော့ တိုက်နှစ်ခုစလုံး အပြည့်ဖြစ်နေတာမို့ မင်းထင်အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
" သန့်ရှင်းရေးလာလုပ်ပေးနေကျ အဒေါ်ကြီးတွေ ထွန်းသွားပေးတာ။ "
" သြော်... "
မင်းထင် ခေါင်းမသိမသာညှိတ်လိုက်ရင်း ချိုင်းထောက်ကိုထောက်ကာ ပိုင်မြတ်ဘုန်းသော်အနောက်က လိုက်ဝင်သည်။ ခြံဝင်းထဲက ပန်းဥယျာဉ်လေးကိုပါဖြတ်သွားရတာမို့ ဘာရယ်မဟုတ် ဘေးဘီကိုကြည့်မိလိုက်တော့ အခြားဘာပန်းမှစိုက်စရာမရှိသည့်အလား နီဆွေးထောင်မတ်ကာ ငွားငွားစွင့်စွင့်ပွင့်လန်းနေကြသည့် နှင်းဆီနီပန်းပွင့်ကြီးတွေက တစ်ခြံလုံးလက်ညှိုးထိုးမလွဲပင်။ လေပြေတစ်ချက်တိုးခတ်တိုင်း ပျံ့လွင့်လာတဲ့ ရနံ့ထုံထုံတို့က မင်းထင်ကို တစ်ခဏတာ ငေးငိုင်သွားစေသည်။
' ကိုကိုက နှင်းဆီနီတွေနဲ့ သိပ်တူတယ်။ '။ လွန်ခဲ့တဲ့ခြောက်နှစ်ကျော်က ကျောင်းသားသမဂ္ဂဆောင်တွင်ရှိသည့် မင်းထင်ရဲ့ကိုယ်ပိုင်ရုံးခန်းကျဉ်းလေးထဲမှာ ထိုကဲ့သို့ သူ ညွှန်းဆိုခဲ့ဖူးသည်။ ရက်လနာရီ အချိန်ကာလတွေ ကူးပြောင်းသွားသလို အဖြစ်အပျက်အမျိုးမျိုးကြောင့် မင်းထင်တို့သည်လည်း ဘယ်တော့မှပြန်မတူညီနိုင်ကြတော့ပေ။ သို့သော် ဤသို့ ရဲဆွေးနေသည့်နှင်းဆီနီများကတော့ အမြဲတစေ သွေးလိုတောက်နေဆဲပင်ဖြစ်သည်။
KAMU SEDANG MEMBACA
Bloody Rose & Red Wine
FantasiDominant Alpha & Enigma Both Zawgyi & Unicode are available.