Part-33

87 12 4
                                    

စီစဉ်ထားသည့်အတိုင်း နောက်သုံးရက်အကြာမှာပဲ မင်းထင်မော်ကွန်းနှင့် ဧကရီသိုက်ညွှန်းတို့ စေ့စပ်လက်မှတ်ထိုးကြသည်။ နှစ်ယောက်လုံး ဝါဖျော့ဖျော့ ချည်ထည်ဝတ်စုံများကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားကြပြီး ရှေ့နေတစ်ဦး ၊ဓာတ်ပုံဆရာတစ်ဦး နှင့် ဦးနေရိန်သိုက်ညွှန်းမှအပ ကျန်သည့်ဧည့်လာမိတ်ဆွေ မည်သူတစ်ဦးတစ်ယောက်မှ မရှိပေ။ တစ်လျှောက်လုံး မျက်လွှာချကာ ငြိမ်သက်နေသည့် အမျိုးသားနှင့် တက်ကြွမှုမရှိစွာ မှိုင်လျလျဖြစ်နေသည့် အမျိုးသမီးတို့၏ တိတ်တဆိတ် စေ့စပ်လက်မှတ်ထိုးပွဲသာဖြစ်သည်။

မိုးကောင်းကင်မှာ နေအရောင်ထွန်းတောက်လျှက် ရွှင်လန်းစရာနွေဦးချိန်ခါဖြစ်သော်ငြား ရက်ကောင်းရက်မြတ်မှာ ထိုင်းမှိုင်းလေးလံခြင်းတို့ကသာ ဖုံးလွှမ်းနေသည်။ ဖောင်တိန်ကို ကိုင်ကာ ခပ်ပါးပါး စာရွက်သုံးရွက်ပေါ်မှာ လက်မှတ်ထိုးရန်ပြင်နေသည့် မင်းထင်မော်ကွန်းရဲ့လက်ချောင်းလေးတွေက ခဏတာမျှ တုန့်ဆိုင်းသွားလေသည်။ မမြင်ရသည့် ဖိအားများနှင့် လေးလံမှုများက မင်းထင်ရဲ့လက်တွေကို ရွေ့လျားလို့မရနိုင်အောင် တားဆီးထားကြသလိုပင်။

မင်းထင်မော်ကွန်း ဟူသည့် နာမည်အောက်က လက်မှတ်ရေးထိုးရာ သီးသန့်နေရာလေးကိုကြည့်ရင်း ထိုနေရာလွတ်လေးက မင်းထင်ရဲ့ စိတ်ဝိဥာဉ်ကို တရိပ်ရိပ်ဖြင့် ဆွဲငင်ဝါးမြိုနေသည့်နှယ်။ စက္ကန့်အချို့ကုန်လွန်သွားတာတောင် ဖောင်တိန်က ပထမဆုံးစာရွက်ပေါ်မှာသာ ရှိနေသေးတာကြောင့် ရှေ့နေနှင့် ဓာတ်ပုံဆရာတို့လည်း ဘာလုပ်ရမှန်းမသိစွာ ဦးနေရိန်သိုက်ညွှန်းဆီ ပြိုင်တူအကြည့်ရောက်သွားကြသည်။

ဦးနေရိန်သိုက်ညွှန်းကလည်း သူ့ဆီရောက်လာတဲ့ အကြည့်တွေကို သတိထားမိစွာ အနည်းငယ် ကိုယ်ဟန်ဖို့လျက် တည်ငြိမ်စွာပြောလာသည်။

" မင်းထင်. "

" .... "

" လက်မှတ်ထိုးလိုက်တော့လေ.. "

ဘဝတစ်လျှောက်လုံးကို လွှမ်းမိုးလာခဲ့တဲ့အသံဖြစ်တာကြောင့် ဘယ်သူမှ သတိထားမိလိုက်မှာမဟုတ်သည့် ထိုညင်ညင်သာသာ စကားသံထဲက တွန်းအားတွေကို မင်းထင် သေချာခံစားနိုင်သည်။ မင်းထင်ဘက်က ဘာမှတုံ့ပြန်လာခြင်းမရှိဘဲ ဖောင်တိန်ကို ကိုင်ထားရင်းဖြင့်သာ ငြိမ်သက်နေတာကိုမြင်တော့ ဦးနေရိန်သိုက်ညွှန်းရဲ့ မျက်နှာအမူအယာတွေကလည်း တဖြည်းဖြည်း ပြောင်းလဲပျက်ယွင်းလာသည်။

Bloody Rose & Red WineWhere stories live. Discover now