𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 3
"ရော့...ဂယူဘင်းဟျောင်းအတွက် "
သူ့ရှေ့ကို တိုးပေးလာသော အထုပ်လေးကိုငုံ့ကြည့်လိုက် ပူတင်းလုံးကို ပြန်ကြည့်လိုက်ဖြင့် ဂယူက ချက်ချင်းအဓိပ္ပာယ်မပေါက်။
"ဘာတွေလဲ "
"ဒီမှာလေ မြင်နေရတာပဲကို ပူတင်းလေ "
"ပူတင်းလုံးက ဝယ်လာပေးတာလား ?"
"အင်းလေ ပူတင်းဝယ်လာပေးတာပါဆို "
"မဟုတ်သေး မင်း ဝယ်လာပေးတာလားလို့ မေးနေတာ "
"ဟုတ်တယ် ဟုတ်တယ် ခင်ဗျား တချိန်လုံး ပူတင်းလို့ပဲ ပြောနေလို့ "
စကားတမျိုးက အဓိပ္ပာယ်နှစ်မျိုးထွက်နေခဲ့ပြီး ပူတင်းလုံးက သူ ပူတင်းစားချင်တယ်အထင်နဲ့ ဝယ်လာခဲ့ပေးတာပင်။ သူ့ဘက်က ပေါက်တိပေါက်ရှာခေါ်မိတဲ့ နာမ်စားတခုကြောင့်လို့ အပြစ်တင်ချင်ပေမယ့် ဂယူ့ပါးစပ်ဖျားထဲ ပူတင်းလုံးလို့ စွဲနေတာကလည်း အခက်သား။
"ပူတင်းလုံးကို ကိုယ်ပြောပြမယ် "
"ပူတင်း ဒီမှာလေ "
"မဟုတ်ဘူး မင်းကို ခေါ်နေတာ အဲ့ဒီ့ ပူတင်းလုံးဆိုတာ !"
"နာမည်ရှိတယ်လေ ဟန်ယူဂျင်းပါဆို...ဟျောင်းက သေချာမမှတ်နိုင်လို့လား ဒါဆို အင်္ဂလိပ်နာမည်ရှိတယ် နိုအာလို့ ခေါ်လို့ရတယ်...ဟယ်လို အွန်ပါပါး...ဒီနေ့လည်း ထယ်ရီ့ကို အဖော်လုပ်ပေးလို့ ကျေးဇူးနော် "
သူ့လက်ထဲ ထည့်ပေးလာတဲ့ အိတ်အလှနဲ့ထုတ်ပိုးထားသော ပူတင်းဘူးလေး။ ပေါ့ပေါ့ပါးပါးပဲ နောက်ထပ်နာမည်တခုကို မိတ်ဆက်ပေးလာပြီး ဆေးခန်းအတွင်းပိုင်းက ထွက်လာသော အွန်ပါပါးကို လှမ်းခေါ်ကာ နှုတ်ဆက်နေပါသေးသည်။
လက်ထဲသူ့အလိုလိုရောက်လာတဲ့ ပူတင်းဘူးလေးကို ကြည့်လိုက် အောက်မှာ ဆောင့်ဆောင့်လေးထိုင်ပြီး အွန်ပါပါးနဲ့ ထယ်ရီ့ကို ကိုင်ပြီး ရယ်နေတဲ့ ပူတင်းလုံးကို ကြည့်လိုက်ဖြင့် ဂယူတယောက်ထဲ ဘာပြန်ပြောရမှန်းမသိ။
ဒါကြောင့် ကလေးတွေနဲ့ မပက်သက်ချင်ဘူးလို့ ပြောတာလေ။ တနှစ်ဆို ဆိုသလောက် အသက်ပိုကြီးလေ ပိုရင့်ကျက်လေဖြစ်ပြီး သူနဲ့ ပူတင်းလုံးကြားက အသက်ကွာခြားခြင်းငါးနှစ်မှာ မတူညီတဲ့ စိတ်သဘောထားမျိုးစုံကွဲထွက်နေခဲ့ပါ၏။ တခါတရံ သူ့ရဲ့ သဘောထားကို ပူတင်းလုံးက နားမလည်သလို သူကလည်း ပြန်ပြီး နားမလည်နိုင်တဲ့ အခြေအနေမျိုးတွေရှိသည်။