𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 20
"ကိုကိုပြောတာကို ပူတင်းလုံးကမှ နားမထောင်တာ...အစပ်မစားပါနဲ့ဆို !"
"ဘာကျေးဇူးရှိလို့ နားထောင်ပေးရမှာလဲ..."
နွေးရုံလေးသာ အပူချိန်ရှိသော ရေနွေးခွက်လေးကို စားပွဲပေါ် ချပြီး သူ အကြာကြီး မတ်တပ်ရပ်နေမိသည်။ ပက်ခနဲ ပြန်ပြောခံလာရတဲ့အခါ ဘယ်လိုစကားလုံးနဲ့ ချေပသင့်သလဲ သူ့မှာ အဖြေမရှိ။
ရည်းစားလေးက ကိုယ့်ထက်ငယ်နေတာပဲဆိုပြီး စိတ်ရှိတိုင်းဆူပြောလို့ရတဲ့ အထဲမှာတော့ ဂယူဘင်းပါမနေခဲ့ဘူးထင်သည်။
ထမင်းစားစားပွဲမှာ ဝင်ထိုင်လာတဲ့ ပူတင်းလုံးက မျက်ရည်ဗလပွဖြင့် ဗိုက်လေးကို ဖိနှိပ်နေသေး၏။ ဒီလောက် နေမကောင်းဖြစ်နေချိန်တောင် ပြန်ပြောနိုင်သေးတဲ့ ပါးစပ်လေးအား ရွှေချထားသင့်သည်။ အစာအိမ်ရောဂါမျိုးမရှိဘူး...ဗိုက်အောင့်မလွယ်ဘူးဆိုရင်တောင် အစားဆိုတာက ချင့်ချိန်စားရတဲ့အရာ။
အစားအသောက်က အရသာရှိတိုင်း ဇွတ်စားလို့လည်းမဖြစ်သလိုအစပ်ကြိုက်တိုင်း အပူအစပ်တွေပိုထည့်ပြီး စားလို့လည်း မဖြစ်ပါ။
ဘေးကနေ ပွစိပွစိနဲ့ ပြောပြီး ဒီလောက်လိုက်ဆူပူနေတာတောင် အခုတော့ ဗိုက်အောင့်နေပြီဖြစ်သည်။ သူမသက်သာရင် ကိုကိုလည်း မပြန်ရဘူးလို့ ပြောထားသည်မို့ ဆေးခန်းပိတ်ပြီး အရင်လို အိမ်တန်းမပြန်ဖြစ်ပဲ ပူတင်းလုံးတို့အိမ်ကိုရောက်နေခဲ့ရပါ၏။
"ဘာလဲ ဘာပြောအုံးမှာလဲ "
"မပြောရဲတော့ပါဘူး ကိုကိုက မင်းကိုပြန်ကြောက်နေရတာ "
ကျေနပ်သွားသလို အပြုံးပုစိလေးက လျစ်ခနဲပေါ်လာပါ၏။ ခုနက ဆေးခန်းလိုက်ပို့ရပြီး ဒီတိုင်း အစပ်စားတဲ့ပမာဏများသည်မို့ သာမာန်ဗိုက်အောင့်ရုံဆိုလို့ ဆေးဝယ်ပြီးပြန်လာရတာလေ။ သူဆူရင်လည်း ငြိမ်ခံမယ့်ဟာလေးမဟုတ်တော့ ဘယ်တတ်နိုင်ပါ့မလဲ။
တခါတလေ သူနဲ့ ပူတင်းလုံးမှာ ဘယ်သူက အကြီးလဲဆိုတာကိုမေ့လျော့မိသည်အထိ ဂယူဘင်းက အစွာခံရသည်။ ဆေးခန်းမှာပဲ အမြဲလာနေတတ်ပြီး ထိုင်ရင်လည်း ကိုကိုထိုင်ပြန်ပြီ ၊ ထရင်လည်း ကိုကိုထပြန်ပြီ ဟူ၍ မျက်စိဒေါက်ထောက်ကြည့်ကာ လိုက်စွာနေတာဖြစ်၏။