𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Extra - 1
"ပြတင်းပေါက်ပိတ်လိုက် ပူတင်းလုံး...မိုးရေတွေစင်မယ် "
ကုတင်ပေါ်မှာပွရှုပ်နေသော စောင်နဲ့အခင်းတွေကိုသေချာပြန်ခေါက်ရင်း ပြတင်းပေါက်မှာရပ်နေသော ရည်းစားလေးအားလှမ်းသတိပေးရသည်။ မိုးဖွဲဖွဲလေးတွေကျလာသည်မို့ အိမ်ထဲကိုစင်ကုန်ရင် မကောင်းဘူးလေ။ သို့သော် သူ့စကားအား ကြားပုံမရ ၊ သူ့ကို ရှိသည်ပင်မထင်။
ပြန်မပြောနားမထောင်ရုပ်လေးဖြင့် ဟိုငေးဒီငေး။
"ပူတင်းလုံး...ကိုယ်ခဏနေ အမူးပြေဟင်းရည်ချက်ပေးမယ်။ လိမ္မာတယ် လာ ပြတင်းပေါက်ပိတ်ပြီး ကိုယ့်နားလာ "
စောင်ကို ညီနေအောင်ခေါက်ကာ ကုတင်ခြေရင်းမှာ ပုံလိုက်ရင်း ဘေးမှာတောင်းနဲ့အပြည့်ဖြစ်နေသော လျှော်ပြီးသားအဝတ်တွေကို ထိုင်ခေါက်ဖို့ဖြစ်လာပြန်သည်။ သူ့အကျီ ၊ သူ့အဝတ်အစားတော့ တစုံတရာမပါပေ။
"ကိုကို တွဲခဲ့တဲ့ ရည်းစားတွေအများကြီးရှိတယ်မလား ကျွန်တော့်အပါအဝင်လေ ဘယ်ရည်းစားကို အချစ်ဆုံးလဲ..."
"ဟန်ပူတင်း အမူးမပြေသေးဘူးလား..."
"ကိုကိုလျှာရှည်တယ် မေးတာကိုမဖြေဘူး !"
ပြတင်းပေါက်ကို အသာလေးဆွဲပိတ်ရင်း ကုတင်ခြေရင်းကို လေးဘက်ထောက်တက်လာခဲ့သည်မို့ အကျီတွေခေါက်ရင်း သူအသာစိုက်ကြည့်နေမိသည်။ ဒီကလေးနှယ် နိုင်စားလို့ရနေတော့ သူ့အပေါ်အကြောက်အလန့်လည်းမရှိ။ အိပ်ယာနိုးခါစ ပွရှုပ်နေတဲ့ ဆံပင်လေးတွေက ငှက်သိုက်လေးလိုမျိုးထိုးထောင်နေပြီး မို့ဖောင်းနေတဲ့ မျက်အိတ်လေးတွေဟာ တညလုံး ကောင်းကောင်းအိပ်ပျော်ခဲ့ကြောင်း သက်သေပင်။
ညက သူ့ကို ဒုက္ခပေးတာကိုတော့ ထည့်မတွက်ချင်တော့ပါဘူး။ သူ့မှာ တညလုံး ကြမ်းပြင်မာမာကြီးပေါ် မှာအိပ်ရတာလေ။
ကျောင်းတွေပြန်ဖွင့်တော့ စားပွဲသောက်ပွဲနဲ့ အပျော်ပွဲတွေက ပြည့်နှက်နေပြီး ဥပဒေဒုတိယနှစ်ရောက်ပြီဖြစ်တဲ့ ပူတင်းလုံးဟာ မနေ့ကကျောင်းကအပြန်သူငယ်ချင်းလုပ်သူနဲ့ ပါသွားခဲ့သည်လေ။ စီနီယာ ၊ ဂျူနီယာတွေ စုပြီး စားကြသောက်ကြ နဲ့ မူးတော့ သူ့ဆီဖုန်းဆက်လာပြီး "ဖေကြီး သားကို လာကြိုပါ" ဟူသော အာလေးလျှာလေးအသံ။