𝒫𝓊𝒹𝒹𝒾𝓃𝑔 🐾🍮
Part - 4
"ဂယူဘင်းဟျောင်း....ပြန်....ပြန်တော့မလို့လား "
"အင်းလေ ပူတင်းကဘာဖြစ်လို့လဲ "
အွန်ပါပါးကို ကားတံခါးဖွင့်ကာ နောက်ခန်းထဲတင်ပေးပြီး ပြန်ဖို့အတွက် ကားထဲဝင်ဖို့ရှိသေး အိမ်ရှေ့အိမ်ကနေ ကားလမ်းကို အမြန်ကူးကာ သူ့ဆီပြေးလာသော ချာတိတ်ကြောင့် ဂယူကြောင်သွားမိရသည်။ခုနလေးကတင် ကျောင်းကပြန်ရောက်ပြီဆိုပြီး သူ့ဆီအပ်ထားတဲ့ ထယ်ရီလေးကို လာခေါ်သွားတာပင်။ တခုခုလိုအပ်သေးလား ၊ ကူပေးရအုံးမလားလို့ မေးကြည့်ပေမယ့် အဆင်ပြေပါတယ်ဆိုပြီး အခုက ဘာဖြစ်ပြန်သလဲ မသိပါ။
"ဟို...တခြားတော့မဟုတ်ပါဘူး မပြန်စေချင်လို့ "
"ဟမ် ဘယ်လို "
"အဲ့..အဲ့လိုလည်း မဟုတ်ပြန်..."
"ဒါဆို ဘယ်လိုလဲ ပူတင်း "
"ဟိုလိုလေ..."
"ကဲပြော ပူတင်းလုံးဘာဖြစ်လို့လဲ ကိုယ်ကူညီပေးနိုင်တာ တခုခုများရှိလား "
အင်းအဲ ဖြစ်နေတဲ့ကောင်လေးက မူမမှန်ပဲ တခုခုကို ပြောထွက်ဖို့ရာ နှုတ်လေးနေသလိုမျိုး။ ပြောထွက်သမျှကလည်း တလွဲတွေကြီးဖြစ်နေခဲ့ပြီး ဒါကိုပဲ တကျော့ပြန်ကာရှက်နေသေးသည်မို့ စကားက လိုရာမရောက်တော့။ ဒီလိုနဲ့ပဲ ရှေ့ကပူတင်းလုံးရဲ့မျက်နှာကို သေချာငုံ့ကြည့်ကာဖြင့် အမေးထုတ်ရသည်။
"တခြားတော့ မဟုတ်ပါဘူး...ရှေ့ရက်က ထယ်ရီ ဆေးခန်းလာတဲ့အစ်မကို ကိုက်လိုက်တဲ့ကိစ္စကို ကျွန်တော်အားနာလို့..."
"အင်း ရပါတယ် "
"မနက်က မေမေစျေးမှာ ဟင်းချက်စရာတွေ အများကြီးဝယ်ခဲ့တာလေ "
"အင်း ကိုယ်မနက်က တွေ့လိုက်မိတယ် အန်တီပြန်လာတာကို "
"အိမ်မှာ ကျွန်တော်တယောက်ထဲ ရှိတာ "
"အင်း...ဟမ် ?"
"ဟို...တခြား ပေါက်...ပေါက်ကရလျှောက်မတွေးရဘူးလေ ! ညစာချက်ပြီး ခေါ်ကျွေးချင်တာကို ပြောတာပါ !"
မအူမလည်လေးကြောင့် သူပါသံယောင်လိုက်ကာပြောပေးရင်း ယောင်ယမ်းခေါင်းငြိမ့်ပြီးမှ ဟမ်ခနဲဖြစ်ရသေးသည်။ နောက်ဆုံးတော့ လက်လေး တကာကာနဲ့ပြာပြာသလဲရှင်းပြလာသည်မို့ ဂယူ့ကိုရယ်ချင်စိတ်ဖြစ်အောင်ဖန်တီးနိုင်ခဲ့ပါ၏။ ဟန်ဆောင်ခြင်းကင်းမဲ့စွာနဲ့ မျက်လုံးတွေမှေးစင်းသည်အထိ အသံတိတ်ရယ်လိုက်မိသည်။ ချာတိတ်က ဘာကိုတွေးပြီးရှက်နေရသလဲ။