Chapter-3 [အရဲစွန့် လေ့လာရေး]

111 19 5
                                    

အခန်း(၃)-အရဲစွန့် လေ့လာရေး

ကျွန်တော်ခြေလှမ်းတွေကို ဖွနိုင်သမျှဖွ ဖွချင်းစီလှမ်းရင်း ကြောင်လိမ်လှေကားထစ် တွေအတိုင်း ရေလှောင်ကန်ကြီးရဲ့ ထိပ်နားထိ တက်သွားလိုက်တယ်။ ဒီလိုနဲ့ ရေသူထီးရဲ့အနားကို ရောက်သွားခဲ့ပေမယ့် သူကတော့ ကန်မျက်နှာပြင်ပေါ် မှီလျက်အတိုင်းဘဲ မလှုပ်မယှက်လေး ရှိနေတယ်။ ကျွန်တော့်တို့ နှစ်ယောက်ကြား ဖန်သားပြင်တစ်လွှာဘဲ ခြားတော့တာတောင် သူကတော့ အတော်လေးကို စိတ်လွတ်လက်လွတ်နဲ့ ဆက်ပြီးအိပ်မောကျ နေသေးတဲ့ပုံပါဘဲ။

ကျွန်တော်လည်း ဂရုတစိုက်နဲ့ အရမ်းမဲ့မလှုပ်ရှားမိအောင် သတိကပ်ထား လိုက်တော့တယ်။ သူအခုလိုဆက်ပြီး ငြိမ်နေတော့လည်း အနီးကပ်လေ့လာရင်းနဲ့ မှတ်တမ်းယူဖို့ ပိုအဆင်ပြေတာပေါ့လေ။ ကျွန်တော်လက်မှာ ကိုင်ထားတဲ့ အဏုမြူအလင်းချောင်းကို ဘေးမှာအသာလေးချရင်း ဒီဗွီကင်မရာကို ထုတ်လာပြီး ညအလင်းခလုတ် ပြောင်းချိန်ထားလိုက်တယ်။ ပြီးတာနဲ့ကိုယ်ကို ကန်အပြင်ဘက် မျက်နှာပြင်ပေါ် အသာလေးကပ်မှီလိုက်ပြီး ရေသူထီးရဲ့ခေါင်းကစလို့ အမြှီးဖျားထိ ရှုထောင့်ပေါင်းစုံကနေ မှတ်တမ်းဓာတ်ပုံတွေ စပြီးရိုက်ယူတော့တယ်။

ရိုးတိုးရိပ်တိပ် ကန်အလင်းအောက်က ပြေပြစ်သန်မာလွန်းတဲ့ ရေသူထီးရဲ့အမြှီးရှည်ကြီးက ရေမှော်ပင်တွေကြားမှာ စပါးအုံတစ်ကောင်လိုမျိုး လုံးထွေးပြီး ခွေရစ်နေပါတယ်။ အမြှီးဖျားမှာတော့ တစ်ခုပေါ်တစ်ခု အဆင့်ဆင့်ထပ်ထားတဲ့ အတောင်ပံပုံစံ ဆူးတောင်ယက်ကြီးသုံးခုက ရေထုအလည်မှာ အနက်ရောင် မီးခိုးတန်းတွေလိုမျိုး ကြွရွနေကြတယ်။ တလိပ်လိပ်လှိုက်ထနေတဲ့ ကင်းမွန်ငါးအုပ်ကြီးရဲ့မှင်ရည်မျှင် အလွှာတွေအတိုင်းဘဲ။

ပင်လယ်နက်ထဲမှာသာ ရှိနေဦးမယ်ဆို မိစ္ဆာဘုံကရောက်လာတဲ့ အရိပ်တစ္ဆေကို မြင်လိုက်ရသလိုမျိုး အသည်းခိုက်စရာ ကောင်းနေလိုက်မယ့်သူ့ပုံစံကို ကျွန်တော်မနေနိုင်အောင်ဘဲ စိတ်ကူးထဲပုံဖော် ကြည့်မိတော့တယ်။ မတော်တဆ ရေငုပ်နေရင်းကနေ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်မိလို့ကတော့ သေလောက်အောင်များ လန့်သွားမိမလားဘဲ။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now