Chapter-5 [အလိုမတူထိပါးခံရခြင်း]

195 23 3
                                    

 အခန်း(၅)-အလိုမတူထိပါးခံရခြင်း

 

တဖြည်းဖြည်းချင်းနှေးလံလာတဲ့ အသက်ရှူသံတွေကို နားထောင်နေရင်း သူလုံးဝငြိမ်ကျသွားတာ သေချာတော့မှ ဘေးမှာပစ်ချထားတဲ့ ဆေးသေတ္တာဆီ ကျွန်တော်လက်လှမ်းလိုက်ပြီး ပိုးသတ်ဆေးပုလင်းကို ရှာယူတယ်။ ပြီးမှဂွမ်းစတစ်ခုနဲ့ ပိုးသတ်ပေးရင်း သူ့ရဲ့ဒဏ်ရာကို အနီးကပ်စစ်ဆေးကြည့်ရပါတယ်။

သူ့ရဲ့ပုခုံးအောက်လက်မောင်းပေါ်က ဒဏ်ရာကဆိုးဆိုးဝါးဝါးကို စုတ်ပြဲနေခဲ့တာပါ။ ဟက်တက်လှန်နေတဲ့ အသားစိုင်တွေပေါ်ကိုလည်း ချွဲကျိကျိအမြှေးပါးရည်တွေက အနာဖေးတက်သလိုပုံစံမျိုးနဲ့ စုဖွဲ့နေကြတယ်။ ဒဏ်ရာပေါ်ပိတ်ထားတဲ့ ဒီချွဲမြှေးရည်တွေက သွေးစိမ့်မထွက်နိုင်တော့အောင် တားထားနိုင်ပေမယ့်လည်း အနာမြန်မြန်ကျက်ဖို့ရာတော့ လွယ်လောက်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ သေချာကြည့်မှ အမြှေးပါးတွေအောက်မှာ ဖုဖောင်းနေတဲ့ဘုကြီးတစ်ခု ရှိနေသေးတာကိုတွေ့ရတော့ ဒဏ်ရာပေါ်ကိုထုံဆေးတစ်ချောင်း အရင်ပေးလိုက်ပြီး ချွဲမြှေးတွေကို ခွဲစိတ်ဓားလေးတစ်ချောင်းနဲ့ အသာအယာခွဲကြည့်လိုက်တယ်။ ကျွန်တော်ထင်ထားတဲ့အတိုင်း.. ဇာဂနာတစ်ချောင်းနဲ့ ဒဏ်ရာထဲကိုနှိုက်လိုက်တော့ အစွယ်ဖြူကြီးတစ်ချောင်း ညှပ်ပြီးပါလာခဲ့တယ်။ တွေ့ရတဲ့အစွယ်ရဲ့ အရွယ်အစားက ကျွန်တော့်လက်မလောက်ကိုရှိတဲ့အပြင် ဘေးနားမှာလွှသွားစက်လိုမညီမညာ အချွန်အတက်လေးတွေတောင် ရှိနေသေးတယ်။

အကောင်ကြီးကျားငါးမန်းတစ်ကောင်ရဲ့ အစွယ်ဖြစ်ပုံဘဲ။ ကြည့်ရတာ  သင်္ဘောပေါ်အဖမ်းမခံလာရခင် ပွဲကြီးပွဲကောင်းတစ်ပွဲ နွဲခဲ့ရတာဖြစ်လိမ့်မယ်။ သွားပါကျိုးပြီးပါလာတာကိုကြည့်ရင် အဲ့ဒီငါးမန်းကသူ့ထက်တောင် အခြေအနေပိုဆိုးသွားခဲ့မယ် ထင်ပါတယ်။

မဟုတ်ရင် ..

ဖြစ်နိုင်ခြေနောက်တစ်ခု အတည်ပြုကြည့်ဖို့ ရေသူထီးရဲ့ဗိုက်ပေါ် ကျွန်တော်လက်ကို လှမ်းတင်လိုက်တယ်။ ခုထိဖောင်းနေတုန်း။ ကြည့်ရတာ အစာတောင်ကောင်းကောင်း မခြေပြီးသေးတဲ့ပုံပါဘဲ။ အစာအတွက်နဲ့ သူတို့တွေယှဥ်ချခဲ့ကြတာမျိုးထက်.. သူ့အစာကိုက အဲ့ဒီငါးမန်းဖြစ်နေခဲ့တာလည်း ဖြစ်နိုင်တယ်။

ဒက်ရှဲရိုးရဲ့ ရေသူကြီး [မြန်မာဘာသာပြန်]Where stories live. Discover now