Part 10 : မှောင်မိုက်ခြင်းရောင်ခြည်

504 78 100
                                    

"20450 ကျပါတယ် လူကြီးမင်း- အဲ ပတ်ဆောင်း.. ?"

ဂျယ်ယွန်းထံလှိုက်တက်လာသည်မှာတော့ အံ့ဩခြင်းတွေ။ မဟုတ်သေးပါဘူး။ အခုသူ့မျက်စိရှေ့မှာရှိနေတာ ပတ်ဆောင်းဟွန်းလား? တကယ်ပဲ ပတ်ဆောင်းဟွန်းက အခု သူ့မျက်စိရှေ့မှာရှိနေတာလား?

ဂျယ်ယွန်းရဲ့မျက်ဝန်းတို့ ဝိုင်းသထက်ဝိုင်းလာပြီးနောက်မှာ သူ့အရှေ့မှာရှိနေသူရဲ့ နှုတ်ခမ်းစွန်းတွေကတော့ ပိုတွန့်ကွေးသထက်တွန့်ကွေးလာသည်။

"အင်း မင်းရဲ့မောင်"

ပတ်ဆောင်းဟွန်းကတော့ ရွှင်ရွှင်မြူးမြူးအသံဖြင့် ဆိုလာပါ၏။

ကျောင်းဝတ်စုံနဲ့မဟုတ်ဘဲ အပြင်ဝတ်စုံနဲ့ ပတ်ဆောင်းဟွန်းကိုမြင်ရခြင်းမို့ ပုံစံဟာ တစ်မျိုးတစ်ဖုံတော့ကွဲပြားနေသည်။ မိုးပြာရောင်အင်္ကျီလက်ရှည်ရဲ့အနားစတွေကို ခေါက်တင်ထားသည်မို့ ဖြူဖွေးပြီးသား အသားအရည်က ပို၍ဖြူဖွေးကြည်လင်နေသလို ဝါဂွမ်းလုံးလေးကို အပြာရောင်အစလေးဖြင့် ကျကျနနပတ်ထားသည်နှင့်တောင် အလားသဏ္ဌာန်ဆင်ပါသည်။

သေချာဖီးသင်ထားခြင်းမရှိသယောင် ဆံနွယ်တွေကတော့ ပတ်ဆောင်းဟွန်းရဲ့နဖူးပြင်ထက် လွတ်လွတ်လပ်လပ်ကျဆင်းနေပြီး ပိုပြီးလူငယ်ဆန်တဲ့ပုံစံမျိုးဖြစ်သွားစေသည်။ အပြာရောင်တွေရောယှက်နေတဲ့ မျက်ဝန်းတစ်စုံကလည်း ထူထဲထဲမျက်ခုံးနက်တွေအောက်မှာ ကော့စင်းမျက်တောင်တို့ခြံရံရင်း လှပကာတောက်ပနေတော့၏။

တစ်စုံတစ်ယောက်သော နတ်ဆိုးဟာ ယနေ့မှာလည်း ပြီးပြည့်စုံခြင်းတွေကိုခြုံရံထားတော့တာပါပဲ။

"ပြန်အမ်းငွေမပေးတော့ဘူးလား"

"အော် အင်း ခဏ ဒီမှာ ရော့"

သတိလက်လွတ်ဖြစ်ပြီးခါမှ ပြာပြာသလဲဂျယ်ယွန်းဟာ အကြွေတွေကိုထုတ်ရတော့သည်။ ပတ်ဆောင်းဟွန်းကတော့ မထီတရီ ရယ်ရွှင်မြူးမျက်နှာနှင့် သူ့ကိုကြည့်နေသည်။

"ဘယ်လိုလုပ်ရောက်လာတာလဲ"

ပြန်အမ်းငွေကိုအမ်းပေးနေရင်း ဂျယ်ယွန်းက သိချင်နေသည့်မေးခွန်းအားထုတ်မေးရသည်။ သူ့အမေးအဆုံး ပတ်ဆောင်းဟွန်းကတော့ တန်းဖြေမလာ။ သူအမ်းပေးတဲ့ပြန်အမ်းငွေတွေကို ဘောင်ဘီအိတ်ကပ်ထဲအသေအချာပြန်ထည့်နေသည်။

Behind The Blue // SungJakeWhere stories live. Discover now