Part 8 : ရူးသွပ်နေပုံရတဲ့ မျက်ဝန်းပြာတွေ

506 81 37
                                    

"မောင့်ဘေးနားပြန်လာထိုင်"

ထိုတစ်ခွန်းကိုသာ ပြန်လည်ဆိုလာရင်း နေရာမှာပြန်ထိုင်သွားပြီဖြစ်တဲ့ ပတ်ဆောင်းဟွန်းက တကယ်ကိုကြွကြွရွရွလေး။ အနက်ရောင်အပြည့်နဲ့နတ်ဆိုးဖြစ်မယ့်အစား အဖြူရောင်နတ်သားလိုမျိုး ကာရံထားတဲ့ ပတ်ဆောင်းဟွန်းရဲ့ပုံစံက သိပ်ကိုမုန်းစရာကောင်းလွန်းတယ်။

ဂျယ်ယွန်းကတော့ အေးစက်ထုံကျဉ်သွားပြီဖြစ်တဲ့ ခံစားချက်တို့ကို လက်ဝယ်ပိုင်ဆိုင်လိုက်ရတဲ့သူအလားဖြစ်သွားပါ၏။ တစ်စုံတစ်ယောက်လိုမျိုး ပေါ့ပါးကြည်လင်နေမယ့်အစား ဘာခံစားချက်မှမရှိခြင်းတွေက ဂျယ်ယွန်းမျက်နှာထက်ပြည့်နက်လို့ရယ်ပါ။

နေရာမှာမလှုပ်မယက်ဖြစ်နေသည့် ဂျယ်ယွန်းကို ပတ်ဆောင်းဟွန်းက မျက်နှာရိပ်မျက်နှာကဲပြလာသည့်အခါ လေးလံတဲ့ခြေလှမ်းတို့ဟာတော့ တစ်စုံတစ်ယောက်ရဲ့ဘေးတစ်နေရာဆီ ပြန်လည်ဦးတည်လိုက်ရသည်။ ဂျယ်ယွန်းဟာ ပတ်ဆောင်းဟွန်းလက်အောက်က စက္ကူလေယာဉ်ပျံရုပ်လေးဖြစ်နေဆဲဆိုသည်က ရယ်စရာတော့ကောင်းလှပါသည်။

ဒီလိုနဲ့ ဒီသံသရာမှာ သူဝင်တိုက်ခဲ့မိတဲ့ အမှားအယွင်းလို့သတ်မှတ်ထားတဲ့ ပုခုံးစွန်းဟာတော့ ဂျယ်ယွန်းဘေးမှာ လှလှပပလေး။ ဂျယ်ယွန်းကတော့ ဤသည်ကို ဝဋ်ကြွေးလို့ပဲသတ်မှတ်ပါမည်။ ကံပါသလောက်ဆပ်ရမည့် ဝဋ်ကြွေးလို့သတ်မှတ်ပြီး ဒီဝဋ်ကြွေးမြစ်ဖျားမှာ ကျင်လည်လိုက်မယ်။ အချိန်တန်လို့ စက္ကူလေယာဉ်ပျံရုပ်လေးဟာ ပျံသန်းခွင့်ရတဲ့အခါ သူက ဒီအမှားအယွင်းကိုစွန့်ခွါလိုက်မည်။ ဒါဟာတော့ ဘာမှတတ်နိုင်စွမ်းမရှိတော့တဲ့ နတ်ဆိုးစီမံတဲ့ ငရဲခန်းက အကျဉ်းသားထံမှ နောက်ဆုံးမျှော်လင့်ချက်ရယ်ပါ။

ဒီလိုနဲ့ ထပ်မံလည်ပတ်ပြန်တဲ့ ကမ္ဘာပတ်လည်မှုနောက်မှာ ဖြစ်တည်လာတဲ့ ဂျယ်ယွန်းရဲ့ တစ်နေ့တာဟာလဲ အဖြူအမည်းအရောင်တွေသာ ဒွန့်တွဲလို့။

"ကျောင်းဆင်းရင်အတူပြန်မယ်"

ဒါဟာ တစ်ချက်လွှတ်အမိန့်တော်နဲ့သိပ်ကိုဆင်တယ်။

အိမ်ပြန်လမ်းမတွေထက် ခြေလှမ်းတွေဖြစ်တည်နေရင်း ဂျယ်ယွန်းကတော့ သူ့ဘေးမှာရှိနေတဲ့ပုခုံးစွန်းပိုင်ရှင်ရဲ့ ဦးနှောက်သေးသေးလေးထဲမှာ ဘာတွေတွေးနေမလဲ ဘာတွေရှိနေမလဲဆိုတာကို တကယ်ပဲနားမလည်နိုင်ဘူး။

Behind The Blue // SungJakeWhere stories live. Discover now