Part 18 : စွဲလမ်းခြင်းများ သို့မဟုတ် အပြာရောင်အပိုင်းအစများ

551 84 141
                                    

မိုးရေစက်တွေရဲ့ရိုက်ခတ်မှုက အရေပြားပေါ်ကတစ်ဆင့် နှလုံးသားထဲအထိလာရောက်ရိုက်ခတ်နေပုံပေါ်သည်။

အနည်းငယ်သည်းလာသည့်မိုးကြောင့် မိုးရေစက်တွေဖုံးအုပ်လာတဲ့ပတ်ဝန်းကျင်ဟာ ရှင်းရှင်းလင်းလင်းမဖြစ်တော့သည့်တိုင်အောင် ဂျယ်ယွန်းကတော့ ပတ်ဆောင်းဟွန်းကို အတိုင်းသားမြင်နေရပါသေးသည်။ ပတ်ဆောင်းဟွန်းကိုရော ပတ်ဆောင်းဟွန်းရဲ့ နာကျည်းခြင်းတွေကိုရော အရာရာကိုအတိုင်းသား။

"အဲ့ဒါဆို တောက်လျှောက် မင်းငါ့ကိုအနိုင်ကျင့်လာခဲ့တဲ့ အကြောင်းအရင်းကအဲ့ဒါကြောင့်လား"

ပတ်ဝန်းကျင်မှာ မိုးရေစက် တဖြောက်ဖြောက်အသံတွေကျယ်လောင်နေသည့်တိုင်အောင် အက်ကွဲနေတဲ့ ဂျယ်ယွန်းအသံကတော့ ထိုအသံကိုကျော်လွန်ပြီး ထွက်ပေါ်လာသည်။ အခုအချိန်မှာတော့ ဂျယ်ယွန်းဦးနှောက်က ထင်သလောက်အလုပ်မလုပ်တော့ဟန်ပါ။ ရင်ထဲတင်းကြပ်စို့တစ်လာမှုနဲ့အတူ ဦးနှောက်ရဲ့အလုပ်လုပ်ပုံတွေရော တစ်ကိုယ်လုံးက ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာတွေက ခါးသီးစွာနဲ့လှိုက်တက်လာတဲ့ ခံစားချက်နောက်မှာ အကုန်ရပ်ဆိုင်းသွားကြပုံပါပဲ။

ဂျယ်ယွန်းက အံကိုတင်းတင်းကြိတ်ခဲထားရတယ်။ မိုးခြိမ်းသံတွေထွက်ပေါ်နေတဲ့ ရာသီဥတုက ဆိုးဝါးတယ်လို့သမုတ်လို့ရမယ်ဆိုရင် အခုဂျယ်ယွန်းရင်ထဲမှာဖြစ်နေတဲ့အပိုင်းအစတွေကို ရာသီဥတုအဖြစ်သာပြောင်းလဲလိုက်ရင် ထိုသည်က ပြင်ပကအခြေအနေထက်တောင် ပို၍ ဆိုးနေပါလိမ့်မည်။

"အင်း ဟုတ်တယ် .. အကြောင်းအရင်းကအဲ့ဒါကြောင့်ပဲ .. မင်းကသူ့သားဖြစ်နေလို့ မင်းကအဲ့လူရဲ့သားဖြစ်နေခဲ့တာမို့"

တစ်ဖက်သူရဲ့အသံကလဲ မိုးရေစက်သံတွေကြားမှာ ခက်ထန်စွာနဲ့ အက်ကွဲနေပြန်တာပဲ။ ဒါဆို ကွဲကြေမှုနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေရတဲ့အခိုက်အတန့်ဟာ ဒါပေါ့။

ဂျယ်ယွန်းနှုတ်ခမ်းပါးကို ကြိတ်ခဲထားမိသည်မှာ နာကျင်မှုတွေပါ လှိုင်းထလာပြီ။ မတရားဘူးလို့ ကြွေးကျော်မိပါလျှင် သူလွန်မလားတော့မသိပေမယ့် ရင်နာခြင်းတွေရဲ့နောက်မှာ ဂျယ်ယွန်းက မတရားသလိုခံစားလာရတယ်။ သက်သက်မဲ့ သူ့နေ့ရက်တွေငရဲကျခဲ့ရသလိုမျိုး သူက ဘာကိုမှမလုပ်ခဲ့ဘဲ ကံကြမ္မာက သူ့အပေါ် ဘလိုင်းကြီးကံဆိုးစေခဲ့သလိုမျိုး။

Behind The Blue // SungJakeWhere stories live. Discover now