ဇာတ်လမ်း-၁၂
"သားတို့ ပြန်လာပြီ.အားလုံးအဆင်ပြေခဲ့တယ်မလား။စစ်ပြေ.. ပျော်ခဲ့ရဲ့လား သားလေး"
"ဟုတ် ကြီးကြီးစော"
စစ်ပြေက ခေါင်းလေး တွင်တွင်ညိတ်လျက် ပြုံးကာ ဆိုသည်။ ခတ္တာရိပ်ကို ပြန်ရောက်တော့ ကြီးကြီးစောက အိမ်အဝင်ဝကနေပင် ဆီးကြိုနှုတ်ဆက်လာသည်။
'လာ..လာ.. ရောက်တော့မယ်လို့ ဖုန်းဆက်ကတည်းက ကြီးကြီးစော လိမ္မော်ရည်လေး ဖျော်ထားတယ်"
ခေါင်နှင့်အတူ နှစ်ယောက်သား ဧည့်ခန်းမှာထိုင်တော့ နုအေးက လိမ္မော်ရည်လေး ဖန်ခွက်နှစ်ခွက်နှင့် ယူလာပေးသည်။ လှမ်းယူလိုက်ရင်း ခေါင် သောက်ကြည့်လိုက်တော့ သေချာသွားသည်။အရင်တစ်ခေါက်က စစ်ပြေ ဖျော်ပေးသည့် လိမ္မော်ရည်က ပိုကောင်းသည်ဆိုတာကို လက်ခံလိုက်ရ၏။
"မမရော.."
"မောင်ထက်လွင် ပြန်တော့ ခဏလိုက်သွားတယ် ခေါင်.။ သားတို့ အလုပ်ရှုပ်နေမှာစိုးလို့ ဖုန်းလှမ်းမဆက်တော့တာ။ ဧည့်သည်တွေလည်းရောက်နေတယ်။ သစ္စာနဲ့တော့ တွေ့မသွားဘူး"
"ဟယ်.. ခေါင် ပြန်လာပြီလား။"
ပုံမှန်ထက် အနည်းငယ်ကျယ်သည့်အသံနှင့်အတူ ဧည့်ခန်းထဲကို ဝင်လာသည့် အသက် လေးဆယ်ခန့် အမျိုးသမီးနှင့်အတူ နောက်ပါးဆီတွင် ခေါင်နှင့်ရွယ်တူလောက်ရှိမည့် ယောကျ်ားလေးတစ်ယောက်ပါ ပါလာသည်။
"မမြင်ဖူးတဲ့လူလို့ကြည့်နေတာ။ကိုယ့် အစ်မကို . မမှတ်မိဘူးလား"
ခေါင့် ခေါင်းထဲ အပြေးအလွှားစဉ်းစားလိုက်ပြီးမှ ဆွေမျိုးသုံးလေးဝမ်းလောက်ကွဲမည်ထင်သည့် အစ်မကို သတိရသွားရသည်။
"ဪ. မှတ်မိပြီ။ မဆင့်.."
'ဟုတ်ပရှင့်"
"ဘယ်လိုလုပ်ရောက်လာတာလဲ'
'အလုပ်ကိစ္စလေးရှိလို့လေ။ ကိုယ့်အမျိုးတွေအိမ်လည်း ဒီမှာရှိနေတာနဲ့ သစ္စာကို ဖုန်းလှမ်းဆက်လိုက်တာ။ရက်ပိုင်းလောက် နေမလို့လေ.။အဆင်ပြေတယ်မလား"
အိမ်ထဲတောင်ရောက်လို့ နေပြီးနေပြီ။ အဆင်မပြေဟု ပြောရန်လည်းမသင့်မလား။သို့ပေမယ့် နည်းနည်းစရိုက်ဆန်သည်ဟု ခေါင် ထင်မြင်မိသည်မို့ သိပ်တော့ မပတ်သက်ချင်။