ဇာတ်လမ်း-၅

28.6K 2.2K 234
                                    

ဇာတ်လမ်း-၅

နှစ်ရက်လောက်ကြာသည်အထိ ခေါင်သည် ချယ်ရီမို့နှင့် ကိစ္စကို မည်သူနှင့်မှ စကားမစဖြစ်ခဲ့။ဒီရက်ထဲ အလုပ်ထဲပဲ အာရုံစိုက်နေမိသည်။ ဒီနေ့လည်း တစ်နေ့လုံး ခေါင် လိမ္မော်ခြံဘက်သွားကာ ခြံထဲမှာပဲ လုပ်စရာရှိတာ လုပ်ကာ စီစဉ်ညွှန်ကြားနေ လိုက်သည်။ညနေစောင်းမှပဲ ခတ္တာရိပ်ကိုပြန်သည့် လမ်းပေါ် ဦးတည်လိုက်သည်။ ခေါင်းထဲတွင် ဘာမှ ရှိမနေတော့ဘဲ ခပ်အေးအေးပင် ကားကို လမ်းတစ်လျှောက် ဖြည်းဖြည်းမောင်းလာခဲ့သည်။လမ်းမကြီးကနေ ခတ္တာရိပ် လမ်းသွယ်ဘက် ချိုးလိုက်လျှင်ပင် လမ်းမကြီးဘက် လမ်းလျှောက်လာနေသည့် စစ်ပြေကို တွေ့သည်။ တစ်ဖက်ခြမ်းမှာပင် ကားရပ်လိုက်ကာ ဟွန်းနှစ်ချက်တီးလိုက်တော့ စစ်ပြေက လှမ်းကြည့်လာသည်။ လမ်းကို ဘယ်ညာကြည့်ပြီးမှ စစ်ပြေက တစ်ဖက်ခြမ်းကို ပြေးကာကူးလာသည်။

"ဘယ်လဲ။ မင်း ဆိုင်ကယ်ဘီးပေါက်ပြန်ပြီလား"

"မဟုတ်ပါဘူး ကိုကြီး။ စတိုးဆိုင်က လမ်းမကြီးဘေးတင်ဆိုတော့ ကျွန်တော် လမ်းလျှောက်ပဲ ထွက်လာလိုက်တာပါ"

စစ်ပြေက ပုဆိုးအပြာနုကွက်လေး၊ စပို့ရှပ်အညိုလက်တိုလေးနှင့် ဆံပင်က အနည်းငယ် ခပ်စိုစိုဖြစ်နေသည်။ ခုမှ ရေချိုးပြီးလာသည့်ပုံ။

"ကားပေါ်တက်"

"ဟုတ်!"

အရင်တစ်ခေါက်ကလို ရပါတယ်ဆိုတာမျိုး မထွက်ရဲတော့။ ခေါင်က အကြည့်စူးစူးပေးလာမည်ကိုပင် လန့်သည်မို့ စစ်ပြေ နာခံစွာနှင့်ပင် ကားရှေ့ခန်းမှာ ဝင်ထိုင်လိုက်ကာ တစ်ဆက်တည်း ခါးပတ်ကိုပါ တစ်ခါတည်းပတ်လိုက်သည်။သူ့ကို ကြည့်ပြီး ခေါင်က ကားကို ပြန်လှည့်ကာ လမ်းမကြီးဘက် တက်သည်။ လမ်းမကြီးပေါ်ရောက်လျှင်ပင် စတိုးဆိုင်အသေးလေးက တန်းမြင်ရပြီမို့ စစ်ပြေ လက်ညှိုးလေးထိုးလျက် ကိုယ်လေးကြွသည်။

"ထားလိုက်..။ငါတို့ mall ကိုသွားမယ်"

"ဟုတ်ကဲ့ ကိုကြီး"

တကယ်တော့ စစ်ပြေ လိုအပ်သည်က ဗလာစာအုပ်နည်းနည်းသာ ဖြစ်သည်။ စတိုးဆိုင်လေးမှာပင် ဝယ်လို့ရပေမယ့် ခေါင်က ခေါ်လာတော့လည်း စစ်ပြေ မငြင်းရဲ။ ခေါင်က ဟိုးအရင် စတွေ့ကတည်းကလည်း ဖော်ဖော်ရွေရွေ မဟုတ်ဘဲ ဒီအတိုင်း ခပ်တည်တည်ပင်ဖြစ်သည်။အကြည့်တစ်ချက်နှင့် စိတ်မရှည်သည့်အကြောင်းလည်း ရံဖန်ရံခါ ပြတတ်သည်ကြောင့် စစ်ပြေ ထူးထွေပြီး အတွန့်မတက်နိုင်။

အိမ်ကြီးရှင်..သခင့်ထံပါးOpowieści tętniące życiem. Odkryj je teraz