ဇာတ်လမ်း-၁၆
"မနက်က ကုန်တိုက်သွားရင်းနဲ့ Cherry ကုမ္ပဏီပိုင်ရှင်နဲ့တွေ့လာတာ။ချယ်ရီမို့ လက်ထပ်တော့မယ်တဲ့။ ဖိတ်စာပို့လိုက်ပါဦးမယ် ပြောနေတယ်"
ခေါင့်မျက်နှာကို အကဲခတ်လိုက်တော့ ထူးခြားပြီး ပြောင်းလဲသွားတာမရှိ။ ခေါင်က စာရွက်စာတမ်းတွေနှင့် သူ့ laptop ကိုပဲ အာရုံစိုက်နေသည်။
"နောက်ကျနေတာပဲ။သူ ဒီထက်ပိုပြီးစောယူလိမ့်မယ်ထင်နေတာ"
သစ္စာ အတွေးထဲ တဝဲလည်လည်ရယ်။ ခေါင်က ချယ်ရီမို့နှင့် တွဲခဲ့ပြီး မချစ်ခဲ့ကြဘူးလို့တော့ ထင်မြင်မိသည်။ ဟိုတစ်ယောက် ကလည်း ခေါင့်လက်ထပ်ပွဲလာတုန်းက ကြေကွဲနေသည်ဆိုတာထက် မာနတွေ လွှင့်ထူထားသည့် ရုပ်နှင့်ဖြစ်သလိုခု ခေါင်ကလည်း အာရုံထဲမရှိသည့်ပုံ။
"အဲ့မိန်းကလေးနဲ့ တွဲပြီးတော့ လက်ထပ်ဖို့ထိတောင် စဉ်းစားတယ်။ချစ်တော့ မချစ်ခဲ့ကြဘူးလား"
မနေနိုင်တော့ဘဲ ထုတ်မေးမိချေပြီ။ခေါင်က တစ်ချက်မော့ကြည့်လာကာ
"မပြောတတ်ဘူး။မို့ကို သဘောကျခဲ့တယ်။တွဲဖို့ပြောတော့လည်း လက်ခံလို့ နှစ်ယောက်သားတွဲခဲ့တယ်။ကျွန်တော်တို့အရွယ်က ရည်းစားတွဲလိုက်ပြတ်လိုက်နဲ့ အသည်းကွဲရမယ့်အရွယ်မဟုတ်တော့ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတာ။နောက်တော.. ဒီလိုပဲ ပြတ်သွားခဲ့တာပဲ"
ခေါင်က အထက်တန်းတက်စဉ်ကတည်းကရော တက္ကသိုလ်တက်တုန်းကတည်းကပါ ကျောင်းတွင် နာမည်ကြီးသည့် လူဖြစ်သည်။ ရည်းစားသနာဆို၍လည်း ကျောင်းတက်တုန်းက တစ်ယောက်နှစ်ယောက်လောက်တော့ကြားဖူးပေမယ့် ပွေရှုပ်သည့်အထဲတွင် မပါ။
"မောင်ထွဋ်ခေါင်.ဧည့်သည်"
ခေါင်နှင့်သစ္စာက ခြံထဲက ကျောက်စားပွဲလေးတွင် ထိုင်နေကြခြင်းဖြစ်သည်။အိမ်ရှေ့တွင်ပဲရှိပေမယ့် ခြံထဲကို ဝင်သည့် ကွန်ကရစ်လမ်းလေးနှင့် ဒီနေရာက ပုဏ္ဏရိပ်တန်းတွေ ခပ်မြင့်မြင့်နှင့် ကာရံထားသည်မို့ ဝင်လာသည့်ကားကို မမြင်ရ။ ခု ဦးလေးမောင်၏နောက်တွင် ပါလာသူက ခေါင်တို့ကို ပြုံးပြနေသည်။