ဇာတ်လမ်း-၃၃(ဇာတ်သိမ်းပိုင်း)
လက်တွေက ကီးဘုတ်ပေါ်တွင် ရှိနေသော်လည်း မကြာမကြာ အိမ်တံခါးဝကို လှမ်းကြည့်နေသည့် စစ်ပြေကြောင့် သစ္စာ ပြုံးမိသည်။ သူမတစ်ယောက်တည်း ဧည့်ခန်းတွင် ထိုင်ကာ ကွန်ပျူတာနှင့် စာရင်းသွင်းစရာလေးတွေ လုပ်နေစဉ် စစ်ပြေက အနားလာပြီး ကူပေးခြင်းဖြစ်သည်။ရက်လတွေ ကျော်လွန်လာသလို စစ်ပြေသည်လည်း ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်ကို သုံးနိုင်သည့် အနေအထားရောက်လာပြီဖြစ်သည်။ နောက်ဆုံးနှစ်ကျောင်းသားလေး စစ်ပြေက ကားမောင်းခြင်းကိုလည်း တတ်မြောက်နေပြီ။
"စစ်ပြေ.. "
"ဗျာ..ဟုတ် .မမ"
"မမ စာရင်းတွေတော့ မမှားလောက်ပါဘူးနော်။ဘာလို့ တံခါးမကြီးကိုပဲ ခဏခဏကြည့်နေတာလဲ။ ခေါင့်ကို စောင့်နေတာလား"
ဆူချင်သယောင်နှင့် ချစ်စနိုးလေးမေးတော့ စစ်ပြေက ရယ်ပြလာကာ
"ဟို ညနေကျ ကိုကြီးက စောစောပြန်လာမယ်ပြောလို့ပါ။လိမ္မော်ခြံဘက်ကို camping ထွက်ကြမယ်လို့ပြောလို့"
"အမလေး..ထွဋ်ခေါင်ရိပ်တို့ ဒါမျိုးကျ အစ်မကို ပြောရမှန်းမသိဘူး"
"မမ လိုက်ချင်လို့လားဟင်..ကိုကြီးကိုပြောလိုက်မယ်လေ.ကိုထက်ကိုပါ ခေါ်ပြီး ကျွန်တော်တို့ တူတူသွားကြမယ်"
စနောက်ပြောလိုက်ပေမယ့် စစ်ပြေကတော့ အမှန်တကယ်ပင် ခေါ်သွားမည့်သဘော။သူလေး ခေါ်ချင်လို့ ဖြစ်ရောတဲ့လား။ ကိုထွဋ်ခေါင်ရိပ်တို့က နှစ်ကိုယ်တူကြည်နူးချင်တာ ဒီအစ်မက မသိရင်ခက်မယ်။ ဆောင်းတွင်းမို့ တိမ်တွေက သိပ်လှတာကို သေချာပေါက် စစ်ပြေကို ပြချင်လို့သာ။
"တော်ပါပြီရှင်။ချမ်းချမ်းစီးစီးကြီး မမတို့ မသွားချင်ပါဘူး။စစ်ပြေလေးသာ ကိုကြီးနဲ့ပျော်ခဲ့ ဟုတ်ပြီလား"
"ဟုတ် မမ"
တံခါးမကကြီးတွန်းဖွင့်သံကြားသည်နှင့် စစ်ပြေ ခေါင်းလေးက ချာကနဲနေအောင် လည်ကာ လှည့်ကြည့်တော့သည်။ကိုထက်နှင့် အတူပြန်လာပုံရသည့် ခေါင်က စစ်ပြေကို မြင်တော့ ပြုံးပြသည်။