ဇာတ်လမ်း-၂၁
မျက်နှာမကောင်းရှာသည့် စစ်ပြေကို ကြည့်ကာ သစ္စာသည် သက်ပြင်းချလိုက်သည်။စစ်ပြေတစ်ယောက် ဖခင်ဖြစ်သူနှင့် တစ်နေ့ ပြန်ဆုံကောင်း ပြန်ဆုံနိုင်လိမ့်မည်ဟုတော့ ထင်မှတ်ဖူးပေမယ့် ခုလောက်ထိ တိုက်တိုက်ဆိုင်ဆိုင်။ငယ်တုန်းကဖြစ်ရပ်တွေကြောင့် လတ်တလောတွင် စိတ်ပင်ပန်းနေရှာမည့် စစ်ပြေကို သနားသက်ဝင်မိပေမဲ့ ဆိုဖာတွင် ခြေချိတ်ထိုင်ရင်း မျက်မှောင်တော် မှုန်ကုတ်နေသည့် မောင်ဖြစ်သူကိုလည်း အံ့အားသင့်ရသေးသည်။မသိလျှင် ပစ်ပယ်သွားခဲ့သည့်လူက သူ့အဖေကျနေတာပဲ။ စိတ်ဆိုးနေပုံများ။ ဆုံးပါးသွားပြီဖြစ်သည့် မိဘနှစ်ပါးကိုတော့ စိတ်ထဲကနေ တောင်းပန်ကန်တော့လိုက်မိသည်။
"စစ်ပြေ.. ဘာကိုမှ လျှောက်တွေးနေစရာမလိုဘူးနော် မောင်လေး"
"သူလျှောက်မတွေးနိုင်ဘူး။ တွေးလို့မရအောင် လုပ်ပေးမှာ"
ခေါင်က ဝင်ပြောလာတော့ စစ်ပြေ ဖြတ်ခနဲမော့လာပြီးမှ ရှက်အားပိုသည့် မျက်နှာလေးနှင့် ပြန်ငုံ့သွားသည်။ သစ္စာက ဒီလောက်တော့ မတုံးအ။ဒီ ထွဋ်ခေါင်ရိပ်ကတော့လေ..။ဝမ်းနည်းနေပါသည်ဆိုသည့်ကလေးကို။
"ကဲ..ကဲ ဒါတွေ မပြောတော့ဘူး။ဧည့်ခံပွဲမှာ ပင်ပန်းလာရောပေါ့။ သွား.. နားကြတော့"
သစ္စာလည်း အပြင်ထွက်သွားသည်မို့ ခေါင်က နေရာမှထကာ သူ့ဘေးတွင်ပင်ထိုင်နေသည့် စစ်ပြေလက်ကလေးကို ဆွဲလျက် အပေါ်ထပ်အခန်းသို့တက်လာခဲ့လိုက်တော့သည်။
"အဝတ်တွေလဲပြီး ခဏလောက် အိပ်လိုက်မလား။ပြီးရင် ရေချိုးလိုက်..လန်းသွားအောင်လို့"
"ဟုတ် ကိုကြီး"
စစ်ပြေက ဝတ်ထားသည့် ပွဲတက်ပွဲစုံတွေကို စိတ်အိုက်နေပြီဖြစ်သည်။ ဗီရိုကြီးထဲက ရှပ်အဖြူလေးနှင့် ဘောင်းဘီရှည်ပွပွလေးတစ်ထည်ကို ယူကာ အဝတ်လဲခန်းထဲသို့ ဝင်သည်။
'စစ်ပြေ"
ခေါင်က လှမ်းခေါ်နေသည်ကြောင့် အခန်းဝကနေ စစ်ပြေ နောက်ပြန်လှည့်ကြည့်လိုက်သည်။
"လျှောက်မစဉ်းစားနဲ့လို့ ကိုယ်ပြောပြီးပြီနော်။ မင်းရဲ့ လျှောက်တွေးနေတဲ့ ပုံစံတွေ့ရင် အနမ်းပေးဖို့ နေရာမရွေးဘူး.ဆိုတာ သိတယ်ဟုတ်"