ဇာတ်လမ်း-၁၇

27.1K 2.1K 221
                                    

ဇာတ်လမ်း-၁၇

"မဟုတ်သေးပါဘူး မမရာ. ကျွန်တော် ပြန်လာတဲ့အထိတော့ စောင့်မှပေါ့"

"ဖုန်းဆက်တော့လည်း မကိုင်ဘဲ ခေါင်ရဲ့။ ပွဲပြီးတာနဲ့ ချက်ချင်းပြန်လာမှာပါ။မမလည်း သန္တာ ဖုန်းဆက်မှ သတိရလို့ ကမန်းကတန်း ထသွားရတာလေ။ မသွားလို့မှ မကောင်းဘဲ"

သစ္စာက ဖုန်းထဲကနေ ရှင်းပြနေပေမယ့် တစ်ဖက်ကနေ ခေါင် မျက်နှာမှုန်ကုတ်နေသည်က ပြေမသွား။ သစ္စာက တစ်ယောက်တည်းမဟုတ်။ စစ်ပြေကိုပါ‌ ခေါ်သွားခဲ့သည်။နုအေး ကိုခေါ်သွားလျှင်တော့ ကြီးကြီးစော တစ်ယောက်တည်း အိမ်အလုပ်တွေ အဆင်မပြေမည်စိုးသဖြင့် အဖော်ရှိအောင် စစ်ပြေကို ခေါ်သွားပြီး ဦးလေးမောင်ကို ကားမောင်းခိုင်းသည်ဟု ပြောသည်။ တစ်ဖက်က မသန္တာ၏မောင်ဖြစ်သူက သူတို့ဇာတိမြို့တွင်ကျင်းပသည့် မင်္ဂလာပွဲ။ဖိတ်ထားတာ ရက်ပိုင်းလောက် ရှိပြီဖြစ်ပေမယ့် ဒီကြားထဲ အလုပ်တွေများပြီးတော့ စကားမစပ်ဖြစ်ကြတာ။

ပြီးတော့ စစ်ပြေ။

သူ့ကို ဖုန်းလေးတစ်ချက်လောက်တော့ ခေါ်ပြီးပြောသင့်တာပေါ့။ခေါင်က သူ့ရဲ့အိမ်ထောင်ဦးစီးလေ..။

ဘာကိုမှန်းမသိ.စိတ်ဆိုးစွာနှင့် ခေါင် ကုတင်ပေါ်သာ ခြေပစ်လက်ပစ်လှဲချမိလိုက်တော့သည်။ခဏလောက် ထိုပုံစံအတိုင်းနေပြီးမှ ပဲ အိပ်ရာကထလျက် ရေမိုးချိုးလိုက်ရသည်။အချိန်က ညနေစောင်းနေပြီမို့ ထပ်အိပ်နေဖို့ရာ မသင့်တော့။အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တာနှင့် အခန်းဝတွင် ကြီးကြီးစောနှင့်ဆုံသည်။

"အတော်ပဲ .. ထမင်းစားရအောင် လာခေါ်တာ ခေါင်။ငါးနာရီခွဲနေပြီ"

"ဟုတ်ကဲ့.စားကြရအောင်လေ"

ထမင်းဝိုင်းတွင် ခေါင်နှင့် ကြီးကြီးစော နှစ်ယောက်တည်းသာရှိသည်။ဟင်းတွေကတော့ စားချင်စဖွယ် စုံစုံလင်လင်ပင် ဖြစ်ပေမယ့် ခေါင် ဗိုက်သိပ်မဆာသလိုဖြစ်နေသည်ကြောင့် နည်းနည်းပဲ စားဝင်ခဲ့သည်။ထမင်းစားပြီးကြတော့ ကြီးကြီးစောက နုအေးနှင့်အတူ ဧည့်ခန်းထဲတွင် ရုပ်သံဇာတ်လမ်းတွဲထိုင်ကြည့်နေကြတော့ သူလည်း ပျင်းပျင်းနှင့် လိုက်ထိုင်ကြည့်နေမိသည်။ သူ ဇာတ်လမ်းတွဲတွေ မကြိုက်တတ်။အများဆုံးကြည့်ဖြစ်သည်က တစ်ကားတည်းပြီးသည့် ရုပ်ရှင်တွေပဲဖြစ်သည်။ တီဗီရှေ့ထိုင်ရင်း လက်က ဖုန်းကိုပဲ အသုံးပြုနေလိုက်သည်။နာရီကို သတိထားကြည့်မိလိုက်ချိန်တွင်တော့ ရှစ်နာရီရှိပြီ။ သစ္စာတို့က နေ့လယ် နှစ်နာရီလောက်က ထွက်သွားတာဆိုပါလျှင် လေးနာရီသာသာခရီးမို့ ဒီအချိန်ဆိုလျှင်တော့ ရောက်နေလောက်ပြီဖြစ်သည်။ ဖုန်းဆက်ရမလား မဆက်ရဘူးလား ခေါင်က တုံ့ဆိုင်းမနေတတ်။ ချက်ချင်းပင် ဖုန်းခေါ်လိုက်ကာ အိမ်ထဲကနေ ထွက်ရင်း ခြံထဲ ဦးတည်လိုက်၏။

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now