ဇာတ်လမ်း-၃၀
'တောက်!!"
တောက်ခတ်သံအကျယ်ကြီးထွက်ပေါ်လာသလို လက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ်ပစ်တင်လိုက်သည့် ဦးနိုင်မင်းအေးက ဒေါသထက် စိုးရိမ်စိတ်နှင့် ဗျာများနေလေပြီ။
"တစ်ခါတည်းအသက်ပါသွားရမှာ"
ရုန့်ရင်းကြမ်းတမ်းသည့်စကားတွေက ကိုယ့်ရယူလိုမှုထက် သူတစ်ပါးကို ပျက်စီးစေချင်ဟန်အပြည့်။
"ဟုတ်တော့ မဟုတ်သေးပါဘူး ကိုနိုင်ရယ်. ဘယ်လိုပဲဆိုဆို ဒါ သူများအသက်အန္တရာယ်ကို"
"ဒါဆို မင်းမှာ အကြံရှိသလား အယ်နီ။ ငါတို့လုပ်ငန်းတွေစုန်းစုန်းမြှုပ်မှာ.. မင်း လုပ်ထားတဲ့ လောင်းကစားကြွေးတွေကြောင့် အကုန်လုံး ခွေးဖြစ်ကုန်မှာကွ.!!!."
သူမဘက်လှည့်ကာ အော်ဟစ်လာတော့ ထိုင်ခုံပေါ်မှာထိုင်နေသည့် ဒေါ်အယ်နီက အသံတိတ်လိုက်ရသည်။တကယ်ဆို သူမအပြစ်တွေလည်း ကင်းတာမဟုတ်တော့လည်း။
"လက်မှတ်မထိုးဖြစ်အောင် လုပ်တာကို ဒင်းက လက်မှတ်ထိုးပြီးသား စာချုပ်ပို့လာတယ်။ငါတို့ကို ဆွေးနွေးပွဲမှာ ပြောကြမယ်ပြောပြီး သူက ကြိုထိုးပြီးလား လက်မှတ်က..ဒါ မလိမ့်တပတ်လုပ်တာပဲ. ထွဋ်ခေါင်ရိပ်ဆိုတဲ့ ကောင်ကိုက လုပ်ကြံတာကိုမသေဘဲ ကံကြီးနေတာ။"
"ဒါက ဘာစကားလဲ"
ဦးနိုင်မင်းအေး စကားဆုံးလျှင်ပင် အိမ်ထဲဝင်လာသည့် အယ်ဒန်က ချက်ချင်းမေးလာသည်။
"ကိုခေါင့်ကို ဘာလုပ်တာလဲ"
"မင်းနဲ့မဆိုင်ဘူး အယ်ဒန်.."
"ဘာလုပ်လိုက်တာလဲလို့!!"
အယ်ဒန်သည် စကားနားထောင်သည့် အလိမ္မာလေးမဟုတ်။ ဂရုမစိုက်သလို ပြောလာသည့် ဦးနိုင်မင်းအေးစကားကို တန်ပြန်ဂရုမစိုက်ဘဲ အော်ဟစ်သည်။ဒေါ်အယ်နီ ထိုင်ရာကနေ ထလာရတော့ကာ အယ်ဒန့်လက်မောင်းကို လာတွဲ၏။
"သား. အိမ်လာတာဆိုလည်း သားအခန်းထဲမှာ သွားနားလေ. သွား"
"မာမီ. ဖယ်.. ဦးနိုင် ကျွန်တော် မေးတာ ဖြေစမ်းပါ"