part-13

765 57 9
                                    


တွေးထင်ထားခဲ့သည့်အတိုင်း စာကို လုံးဝ အာရုံစိုက်၍ မရ။ မနေ့ညကတော့ ဒီနေ့ မနက် စာသင်ခန်းထဲ ဝင်လျှင် ဘယ်လိုမျိုး သင်ကြားမည်ကအစ စာသင်ခန်းတွင် ဖြစ်လာနိုင်သည့် စာသင်ကြားရန် အနှောက်အယှက် ဖြစ်နိုင်သော ‌ပြဿနာရပ်များကို ကြိုတင်ထည့်သွင်း စဉ်းစားပြီး ဖြေရှင်းနည်းများကိုပါ ကြိုတင်တွေးဆခဲ့သည်။ သို့ပေမဲ့ အခုလိုမျိုး ပြဿနာအခက်အခဲမျိုး ဖြစ်လာမည် မထင်။

အဓိက ပြဿနာဟာ သျှားခေတ်ရှိန်းဟန် ဆိုသော လူကြောင့်ပင်။ အဲ့ဒီလူသာ စာမသင်ခင် လူကို လာပြီး မနှောက်ယှက်ခဲ့လျှင် အခုလိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်။ အခုတော့ စာကို ဘယ်လိုမှ သင်မရသည့်အတူတူ ထိန်လင်းသည် စာသင်ချိန်မှာ ကျောင်းသားများနှင့် ရင်းနှီးမှု ရအောင် လုပ်မည်ဟု တွေးဆလိုက်သည်။

"သားတို့ သမီးတို့ရေ"

"ဖြောင်းဖြောင်း"

ထိန်လင်းသည် တစ်ခန်းလုံးအား ငြိမ်သက်သွားအောင် လက်ခုပ်တီးရင်း အသံကို ကျယ်ကျယ် သုံးလိုက်သည်။ ထိန်လင်း၏ အသံကြောင့် စကားတွေ တတွတ်တွတ် ပြောနေသော ကိုးတန်း B ခန်းသည် တစ်ခန်းလုံး မီးခဲကို ရေလောင်းလိုက်သလိုမျိုး ရှဲခနဲ ဖြစ်ကာ ငြိမ်သက်သွားကြသည်။

"ဆရာ ပြောစရာ ရှိလို့နော်။ ဒီနေ့ ဆရာ့စာသင်ချိန်မှာ ဆရာ စာမသင်တော့ဘူး"

စကားတောင် မဆုံးသေး ကျောင်းသားတွေက ဝါးခနဲ ဟေးခနဲ ထအော်ကြသည်။ စာသင်ရခြင်းကို အလွန်အမင်း နှစ်သက်နေကြပုံ။ ထိန်လင်းသည် သူ့၏ ရွဲ့တဲ့တဲ့ အတွေးကို သဘောကျပြီး ရယ်မိသည်။ ထိန်လင်းတို့ ငယ်ငယ်ကလည်း အခုလိုပင် မဟုတ်ပါလား။

"ဆရာ စာမသင်တော့ဘူး။ နောက်နေ့ကျမှ သင်မယ်။ အခု သားတို့ သမီးတို့နဲ့ ရင်းနှီးသွားအောင် ဂိမ်းလေး တစ်ခု ကစားမယ်။ သားတို့၊ သမီးတို့ သဘောတူကြလား"

ထိန်လင်းက အတန်း၏ အလယ်သို့ သွားကာ နောက်ထပ် အော်ပြောလိုက်လေသည်။ ကျောင်းသားတွေက လက်ခုပ်တွေကို တဖြောင်းဖြောင်း တီးကာ ဟေးခနဲ ထအော်ကြလေသည်။ အခန်းက အသံလုံ၍ အပြင်ဘက် အလွန်လျှံမထွက်လို့ တော်သေးသည်။ ထိန်လင်းက ပြုံးလိုက်လေ၏။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now