Part-24

450 51 16
                                    


ဒီနေ့ကျမှ တစ်နေ့လုံး မိုးရွာသည်။ ‌မနက်က သည်းကြီးမည်းကြီး တစ်ခါရွာ၊ ခဏနား၊ နေ့ခင်းကနေ အခု ညမှောင်သွားသည့်အထိ ဆက်တိုက် ရွာသွန်းနေခြင်း ဖြစ်လေ၏။ မိုးကလည်း အေး၊ လူကလည်း နေမကောင်းတော့ ဘယ်လိုမှ နေလို့၊ ထိုင်လို့ အဆင်မပြေပါပေ။

ပတ်ဝန်းကျင်အနှံ့ မိုးရာသီ မိုးစပါး စိုက်ပျိုးကြချိန်ဖြစ်သောကြောင့် မိုးမျှော်နေသော တောင်သူဦးကြီးများအတွက်တော့ ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်သည်။ သာမန်ဆို ရာသီဥတု အေးစိမ့်စွာ မိုးရွာတာကိုတော့ ထိန်လင်း နှစ်သက်ပါသည်။ သို့သော်လည်း နေမကောင်းချိန် မိုးရွာနေတော့ စိတ်ကသိကအောက် ဖြစ်လှသည်။ 

အိမ်ကလေးထဲတွင် တိတ်ဆိတ်နေပါသည်။ ရွာလယ်လမ်းဘေးက လမ်းမီးတိုင်များက ထိန်ညီးနေပြီး အိမ်ကလေးထဲမှာလည်း မီးရောင်လင်းလင်းလေး ထွန်းထားသည်။ ထိန်လင်းကတော့ မီးအရောင်အောက်မှာ မနေနိုင်ဘဲ ဆေးလေးသောက်ကာ အိပ်ရာထဲ ဝင်ကွေးနေလေသည်။

"ထိန်ထိန် .. ကိုယ်ပါကွ။ တံခါးလေး ဖွင့်ပေးပါအုံးကွာ"

ထိန်လင်းနားထဲ တိုးရှရှလေး ကြားနေရသည်။ သည်းထန်စွာ မိုးရွာနေသောကြောင့် နားထဲ မကြားသင့်သည်များ ကြားနေရခြင်း ဖြစ်ပါလိမ့်မည်။

မိုးကလည်း ရွာနေတာ။ ညအချိန်ကြီး ကိုယ့်ဆီ ဘယ်သူမှ ရောက်မလာနိုင်ပါပေ။ ထိန်လင်းသည် အိပ်ပျော်အောင် မျက်လုံးတွေကို အတင်းမှိတ်ထားလိုက်သည်။

"ထိန်ထိန် ကိုယ့်ကို စိတ်မဆိုးပါနဲ့။ ကိုယ့်ကို တံခါးဖွင့်ပေးပါအုံး။ ကိုယ် အိမ်ရှေ့ ရောက်နေတယ်"

အထိတ်တလန့် ဖြစ်သွားခြင်းနှင့်အတူ ထိန်လင်းသည် လှဲနေရာမှ ထထိုင်မိသွားသည်။ အသံဟာ ခဏ ခဏ ကြားနေရသည်။ သွေးရိုးသားရိုးရော ဟုတ်ပါရဲ့လား။ ဘယ်သူ့အသံမှန်း ထိန်လင်း သိပါသည်။

ဟုတ်သော် ရှိ၊ မဟုတ်သော်ရှိ တကယ်သာဆိုလျှင် ဟူသော စိတ်နှင့် ခြံတံခါးသော့ကို ယူကာ အိမ်တံခါးကို ဖွင့်ပြီး ခြံတံခါးဆီ ဓါတ်မီးလေး ထိုးကြည့်လိုက်သည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now