Part-19

485 49 10
                                    



"ဆရာလေး ဝက်သားယူမလား။ အသားတွေ ကောင်းတယ်။ ဆရာလေး ယူမယ်ဆိုရင် အသားတွေပဲ ရွေးပေးလိုက်မယ်"

"ယူမယ် အရီး။ ငါးဆယ်သား ချိန်ပေးနော်"

"ဟုတ်ကဲ့ ဆရာလေး။ ပိုပိုသာသာ ချိန်ပေးမယ်နော်"

"ကျေးဇူးပါဗျာ"

မနက်စောစော ဈေးသို့ ရောက်လာပြီး အရင်ဆုံး အသားတန်းပြေးကာ ဝက်သားဝယ်လိုက်လေသည်။ ဈေးသည်တွေ အများကြီးမို့ ဘယ်မှာ ဝယ်ဝယ်ရသော်လည်း ဝယ်နေကျ အဒေါ်ကြီးဆီမှာပဲ ဝယ်လိုက်သည်။ မနက်ခင်းမို့ ဈေးမြင်ကွင်းလေးက တစ်မျိုး ကြည့်ကောင်းနေသည်။

"ရပြီ ဆရာလေး"

"ကျေးဇူးပါခင်ဗျ"

ကျသင့်ငွေကို ရိုသေစွာ ပေးပြီး အသားထုပ်ကို ဈေးခြင်းထဲ ထည့်ကာ ထိန်လင်း ဆက်လျှောက်လာခဲ့သည်။ အသီးအရွက်ဈေးတန်းရောက်သည့်အခါ အရွက်ကြော် ကြော်ဖို့ ဈေးသင့်သော အရွက်နှစ်မျိုးလောက် ဝယ်လိုက်သည်။

"အရီး အဲ့ဒါ ဘာတွေလဲ"

"မုန့်ကျွဲသည်းလို့ ခေါ်တယ် ဆရာလေး"

တစ်နေရာ အရောက်မှာ ထိန်လင်း အံ့ဩသွားသည်သာ။ မုန့်ကြောင့် မဟုတ်ဘဲ ဆရာလေးလို့ ခေါ်လိုက်သောကြောင့်ပင်။

"ကျွန်တော့်ကို သိတာလား" လို့ ထိန်လင်း ပြန်မမေး‌မိလိုက်ပါ။ ဒီရွာမှာ တာဝန်ကျသူမို့ သူ ဆရာတစ်ယောက် ဖြစ်တာကို လူတိုင်း သိနေနိုင်ပါသည်။ ထူးဆန်းလွန်းသည့် ကိစ္စတော့ မဟုတ်ပေ။

"တစ်ခု ဘယ်လောက်လဲ အရီး"

ဈေးဗန်းကို ရှေ့ချကာ ခင်းကျင်းရောင်းချသော ဈေးဗန်းထဲက မုန့်ကိုသာ ထိန်လင်း အာရုံစိုက်လိုက်သည်။

"တစ်ခုကို ၂၀၀၊ ၅၀၀ ဖိုးဆို ၃ ခု"

"ကျွန်တော့်ကို ၅၀၀ ဖိုး ပေးပါနော်"

"ဟုတ်ပြီ ဆရာလေး"

အဒေါ်ကြီးက မုန့်အပြား သုံးခုကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ပေးလာသည်။ ထိန်လင်း ယူလိုက်ပြီး ကျသင့်ငွေကို ပေးလိုက်သည်။ ထို့နောက် နောက်မုန့်သည် တစ်သည်၏ ရှေ့၌ အနီတစ်ဝက်၊ အဖြူတစ်ဝက် ဖြစ်နေသော မုန့်စိမ်းပေါင်းအတုံးလိုက်ကြီးကို မြင်လိုက်ရတော့ ပျော်သွားသည်။ မုန့်စိမ်းပေါင်း စားချင်နေတာ တော်တော်ကြာပါပြီ။ အခု ဈေးထဲ ရောက်မှ တွေ့လိုက်ရတော့၏။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now