Part-14

748 46 5
                                    


မွေးရပ်မြေဖြစ်သော ပြည်မြို့သည် ဘယ်အချိန်ပဲ ကြည့်ကြည့် အမြဲတမ်း သာယာလှပနေသည်။ ပဲခူးရိုးမတောင်တန်းကြီးအား မေးတင်ထားသော ပြည်မြို့လေး၏ နံဘေးတွင် ဧရာဝတီမြစ်ကြီးက အေးချမ်းစွာ တသွင်သွင် စီးဆင်းနေလေသည်။ မွေးရပ်မြေကို ရှိန်းဟန် အလွန်ချစ်သည်။

အခုတစ်ခါ စနေ၊ တနင်္ဂ‌နွေ ကျောင်းပိတ်ရက်မှာ ပြည်မြို့လေးဆီသို့ ရှိန်းဟန် ရောက်ရှိလို့ လာခဲ့ပါပြီ။ လွမ်းခဲ့သည်က တော်တော် ကြာပါပြီ။ ပြည်မြို့ဆီသို့ ရောက်လာပြီ ဖြစ်သော်လည်း ရှိန်းဟန်၏ နှလုံးသားမှာ အလွမ်းဓာတ်တို့က ကိန်းဝပ်နေတုန်း။ ဘာကြောင့် ဖြစ်ပေါ်လာမှန်းလည်း မသိ။ ဘယ်လိုမှ ဖြေဖျောက်လို့လည်း မရပေ။ အလွန်လှပသော ပြည်မြို့လေးဟာ သူ့ခံစားချက်များကို ပေါ်ထွန်းပေးလေသလားပင်။

အခု သူသည် ပြည်မြို့၏ အနောက်ဘက် မင်းကြီးတောင်ခြေ ဧရာဝတီမြစ်ဆိပ်ကမ်း၏ အထက် ကားလမ်းမ၌ ရောက်ရှိနေလေသည်။ မင်းကြီးတောင်ခြေရှိ သစ်တောကြီးက စိမ်းဖန်နေကာ မြစ်ရေတွေက ငွေရောင်လင်းလက်နေသည်။ မြစ်ရေပြင်ကျယ်ထဲ၌ ဝမ်းစာရှာဖွေနေသော တံငှာသည်လှေတစ်ချို့နှင့် ကုန်စည်ပို့ဆောင်နေသော သင်္ဘောကြီးတွေ ရှိနေသည်။

စီးနှင်လာသော ဆိုင်ကယ်ကို ကားလမ်းဘေး၌ ရပ်ထားခဲ့ပြီး မြူခိုးများ ဝေနေသော ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးကြည့်ရသည့် အရသာက ရှိန်းဟန်အတွက် ဘယ်အရာနှင့်မှ မလဲနိုင်သလို။ ဒီကနေ့ မိုးလေး အုံ့နေ၍ ရာသီဥတုက အေးစိမ့်နေသောကြောင့် ခံစားချက်များကို ပိုဆွေးသွားအောင် လှုံ့ဆော်ပေးနေသလို ဖြစ်နေသည်။ အချိန်က တော်တော်ကြာပြီဖြစ်သော်လည်း နေရောင်က သဲသဲကွဲကွဲ မထွက်ပေါ်လာသေး။

"ကိုကို့ကို အရမ်းလွမ်းနေခဲ့တာ"

ချိုသာသော စကားလေးကို နောက်ဘက်မှ လျှောက်ကာ ပြောလာရင်း ခါးတစ်ခွင်ကို လာဖက်သော လက်တွေကို အပေါ်မှ အုပ်မိုးကာ ရှိန်းဟန်က နွေးထွေးစွာ ကိုင်ထားလိုက်သည်။ ကျောပြင်နှင့် ထိစပ်နေသော ချစ်သူလေး၏ ရင်ခွင်က နွေးထွေးနေသော်လည်း ရင်ထဲမှာ တစ်ခုခုကို လွမ်းမောနေမိတုန်း။ လှစ်ဟာနေလျက် ရှိသေးသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now