မိုးကလေး စွေနေတတ်သော ရာသီဥတု။ ဘယ်နေရာပဲ ကြည့်ကြည့် အရာရာတိုင်းဟာ စိမ်းစိုလွန်းနေသည်။ မြတ်နိုးစရာ အပြည့် ဖြစ်နေသော အစိမ်းရောင် သဘာဝကြီးက အလွန်ပင် လှရက်လွန်းသည်။ ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်လည်း ဖြစ်လေတော့ ထိန်လင်းအတွက် ပျော်စရာ နေ့လေး တစ်နေ့ပင်။
ထိန်လင်းသည် မနက်စောစော အိပ်ရာထကာ မျက်နှာသစ်ပြီး အင်္ကျီလည်ကတုံး မီးခိုးရောင်လေးနှင့် ယောပုဆိုးအနက်လေးကို သပ်သပ်ရပ်ရပ် ဝတ်လိုက်လေသည်။ မနက်စာလည်း မစားချင်တော့ပါ။
ဖုန်းနှင့် နားကြပ်လေးကို ယူ၊ ပိုက်ဆံအိတ်ကို ယူ၊ ထီးလေးတစ်ချောင်းကို ဖွင့်ပြီး အိမ်တံခါးသော့ခတ်ကာ ထွက်လာခဲ့သည်။ ရွာလယ်လမ်းက ကောင်းလွန်းသည်မို့ မိုးရွာလျှင်တော့ ရွှံ့မပေသဖြင့် ကတ္တီပါဖိနပ်လေးကိုပဲ ပေါ့ပေါ့ပါးပါး စီးထားလိုက်သည်။
"မမရေ ကျွန်တော် ပြည်သွားမလို့။ ဘာမှာလိုက်အုံးမလဲ မမရေ"
"မမှာတော့ဘူး မောင်လေးရေ။ ဂရုစိုက် သွားအုံးနော်"
"ဟုတ်ကဲ့ မမ"
မဆုရိပ်ဝေနှင့် ဒီရက်ပိုင်း သိပ်မတွေ့ဖြစ်ပါ။ အိမ့်စီးပွားရေးကို ကြီးကြပ်ရသူ မမဟာ လယ်တွေ စစိုက်ပျိုးဖို့ ဦးစီးနေရသလို အိမ်က မိဘကို ပြုစုနေရသောကြောင့်လည်း အားလပ်မနေပါ။ ဒီကြားထဲ ကုန်စုံဆိုင်ကိုလည်း ကြီးကြပ်ရသေးသည်။
ထိန်လင်းလည်း သွားမတွေ့ဖြစ်။ အလုပ်မအားသူကို သူ့ကြောင့် ကထိကထ မများစေချင်၍ ဖြစ်သည်။ အလုပ်အားသည့် တစ်နေ့တော့ အိမ်လည်သွားရပေအုံးမည်။ ထိန်လင်းသည် မဆုရိပ်ဝေတို့ အိမ်မှ ရွာအနောက်ဘက် ကားဂိတ်ရှိရာသို့သာ ခြေလှမ်းများကို ဦးတည်ခဲ့လေသည်။
"မုန့်လုံးကြီးတွေ ရမယ်။ မောင်လေး ဝယ်သွားအုံးလေ"
ကားဂိတ်သို့ ရောက်ရောက်ချင်း ထိန်လင်း စကြားရသော အသံပင်။ လမ်းကလည်း လျှောက်ရသေး၊ အိမ်ကလည်း ဘာမှလည်း စားမလာ၍ ဗိုက်ထဲ ဆာနေသောကြောင့် ကားလမ်းဘေးတွင် အသံကျယ်ကျယ် အော်ရောင်းသော မုန့်သည်ဆီ ဦးတည်ခဲ့သည်။
YOU ARE READING
နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။