ညက ဆေးသောက်ခဲ့သောကြောင့် လူက ထူထူထောင်ထောင် ရှိလေသည်။ ခေါင်းလည်း မကိုက်တော့သလို လူလည်းပဲ နုန်းမနေတော့ပါ။ အိမ်တစ်အိမ်လုံးအား တံခါးများ၊ ပြတင်းပေါက်များ ဖွင့်ထား၍ ရာသီဥတု အေးစိမ့်စိမ့်နှင့် နေရ ထိုင်ရတာ သက်သက်သာသာ ရှိသည်။
ဒီနေ့ ဈေးတော့ မသွားချင်။ အိမ်မှာပဲ မရှိ၊ ရှိသော ဟင်းဖြင့် ဖြစ်သလို ချက်စားမည်။ ကျောင်းလည်း မတက်ချင်တော့ပေ။ မနေ့က ဖြစ်ခဲ့သော ပြဿနာကို ရင်မဆိုင်ရဲလို့ မဟုတ်ဘဲ လူက နေကောင်းစမို့ အိမ်မှာ အေးအေးဆေးဆေး နေချင်၍ ဖြစ်သည်။
"တီ တီ"
"ထိန်ထိန်ရေ ကိုယ်ရောက်ပြီကွ"
အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းသံနှင့်အတူ ရှိန်းဟန်၏ အသံကိုပါ ကြားလိုက်ရသည့်အခါ ရင်ထဲမှာ ပျော်ရွှင်ရပါ၏။ ထိန်လင်း တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ရာ အခုမှ ၆ နာရီ ခွဲရုံပဲ ရှိပါသေးသည်။ စောစောစီးစီး ရောက်လာသော သူဟာ ဘာကိစ္စကြောင့် လာမှန်း ထိန်လင်း မသိသေးပါပေ။
"ထိန်ထိန်ရေ အိပ်နေတာလား။ ကိုယ် ဝင်လာခဲ့မယ်နော်"
ညက ပေးခဲ့သော သော့နှင့် ခြံတံခါးကို ဖွင့်ပြီး ဝင်လာတော့လည်း ထိန်လင်း မတားမိပေ။ အိမ်ထဲတွင်သာ တိတ်တဆိတ် ငြိမ်သက်နေရင်း လူတစ်ယောက်၏ အလာကိုသာ စောင့်နေမိလေသည်။
"ဟာ ထိန်ထိန် နိုးနေတာလား။ သက်သာလား။ ခေါင်းကိုက်သေးလား။ အသားပူသေးလား။ စမ်းကြည့်ရအောင်"
အိမ်ထဲသို့ ရောက်ရောက်ချင်း အနားသို့ မဖိတ်ခေါ်ဘဲ ရောက်လာကာ နဖူးကို အသာလာစမ်းလေသည်။
"နည်းနည်း ပူသေးတယ်။ အဖျား ရှိနေသေးတာ ဖြစ်ရမယ်"
ထိန်လင်း၏ လည်ပင်းကို ထပ်စမ်းကြည့်သည်။ နဖူးထက် လည်ပင်းက ပိုပူနေသဖြင့်
"ဆေးခန်းသွားရမယ်နော် ထိန်ထိန်။ ကိုယ် လိုက်ပို့ပေးမယ်*
"မသွားလို့ မရဘူးလား"
ထိန်လင်း မျက်ရည်တွေ ဝဲစွာ မေးလိုက်သည်။ ဆေးပြသွားဖို့ အဲ့ဒီလောက်တောင် ကြောက်နေရသလား။
YOU ARE READING
နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။