Chapter(17)💛

75 4 0
                                    

အနှိုင်းမဲ့သည် တောင်ကိုကွေ့ပတ်၍ဖောက်ထားသောလမ်းမအတိုင်း သူမ၏ကားလေးကိုမောင်းနှင်လာခဲ့သည်။နှိုင်း၏မတွေ့ဖြစ်တာကြာပြီဖြစ်သော မိသားစုနှင့်တွေ့ဆုံရမည့်ကိစ္စသည် နည်းနည်းတော့စိတ်ကသိကအောင့်နိုင်စရာကောင်း၏။တောင်၏အမြင့်ဆုံးအပိုင်းသို့ရောက်ခဲ့သောအခါ အနှိုင်းမဲ့၏မိသားစုရှိနေသောရဲတိုက်ကိုမြင်တွေ့လိုက်ရသည်။

နှိုင်းအတွက် စိမ်းသက်နေခဲ့‌‌သောလေထု၏အငွေ့အသက်ကြောင့်ထိုနေရာကို နှိုင်းမရောက်ဖြစ်ခဲ့တာတော်တော်ကိုကြာနေခဲ့ပြီဖြစ်ကြောင်း နှိုင်းသတိပြုမိလိုက်သည်။နှိုင်းက သက်ပြင်းတစ်ချက်ကိုခပ်ဖွဖွချလိုက်ရင်း ရဲတိုက်ရှိရာသို့ ကားကိုဆက်လက်မောင်းနှင်လာခဲ့သည်။

"မင်းရောက်လာခဲ့ပြီပဲ အနှိုင်းမဲ့"

ရဲတိုက်ရှေ့တွင် နှိုင်းကိုအသင့်စောင့်နေသော အိမ်တော်ထိန်းဖြစ်သူက မိမိကိုခေါ်ဆို နှုတ်ဆက်လိုက်သောလေသံကို နားထောင်ရင်း မဲ့ပြုံးလေးတစ်ချက်ပြုံးမိသည်။မိမိကို မိမိ၏မိသားစုဝင်များက စွန့်ပစ်လိုက်သလို အိမ်ရှိအလုပ်သမားများကလည်း ရိုသေမှုပျောက်ဆုံးနေကြသည်ကို မြင်တွေ့လိုက်ရခြင်းက နှိုင်းအတွက် နည်းနည်းတော့ခါးသက်နေခဲ့သည်။

သို့သော်လည်းထိုအရာကိုဂရုစိုက်ဖို့မလိုအပ်ကြောင်းစဉ်းစားမိသည့်အားလျော်စွာ လစ်လျူရှုလိုက်သည်။ထို့ကြောင့်ပြောသင့်တယ်ထင်သောစကားလုံးတစ်ချို့ကို နှိုင်းပြောဆိုလိုက်၏။

"ဘွားဘွားရဲ့ဈာပနကို နှိုင်းလာသင့်တယ် မဟုတ်လား"

"ဒါပေါ့လေ"

နှိုင်းကိုစကားအရှည်ကြီးမပြောလိုဟန်ဖြင့်သူက ပြောလက်စစကားကိုခပ်တိုတိုပဲရပ်တန့်လိုက်သည်။ထို့နောက် ရဲတိုက်ထဲဝင်ရန်ပြောပြီး ရှေ့မှဦးဆောင်၍ထွက်ခွာသွား၏။နှိုင်းလည်း ဒီအတိုင်းလေးသူ့နောက်မှလိုက်ခဲ့ရင်းတွေးမိတာက မိမိအပေါ်တွင်နွေးထွေးလှိုက်လှဲမှုပျောက်ဆုံးနေကြပြီဖြစ်သော မိသားစုဝင်များ၏အခြေအနေကိုဖြစ်သည်။

ရဲတိုက်၏စင်္ကြန်လမ်းတစ်လျှောက်တွင်ခင်းကျင်းထားသော ကျောက်သားဖြူဖြူများကိုနင်းလျှောက်သွားသော နှိုင်း၏ဒေါက်ဖိနပ်သံတစ်ချို့မှလွဲ၍ ရဲတိုက်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်အေးစက်နေခဲ့သည်။

Ray💛Where stories live. Discover now