(Unicode)
ရှည်လျားတဲ့အိပ်မက်ဆိုးကြီးကိုမက်လိုက်ရသလိုမျိုး ဂျီမင်းထိတ်လန့်တကြားနဲ့ နိုးထလာခဲ့ရတယ်...။ သူ့ရဲ့တကိုယ်လုံးလည်း ချွေးတွေရွှဲနေပြီး နှလုံးခုန်သံတွေပါ မြန်နေခဲ့တယ်...။
"ဒါအိပ်မက်လား...?? မဟုတ်ပါဘူး... ဒီလောက်လက်တွေ့ကျပြီး ရှည်လျားတဲ့အိပ်မက် ဘယ်သူကမက်မှာမို့လို့လဲ...??"
ဂျီမင်းလည်းအခုမှ သူ့ရဲ့အခန်းကိုကြည့်လိုက်မိတယ်...။ ဒါက သူလူပျိုဘဝတုန်းက နေခဲ့တဲ့အခန်းလေးပါလား...။ ဒီအခန်းလေးကို သူစွန့်ခွာခဲ့တာ ကြာခဲ့ပြီမဟုတ်လား...။
နောင်ဖြစ်လာမယ့်ကိစ္စတွေကို အိပ်မက်မက်နေခဲ့တာလားတွေးကြည့်တော့ ဘယ်လိုမှမဖြစ်နိုင်ပါ...။ သူတွေ့ကြုံခဲ့ရတဲ့ကိစ္စတွေက လက်တွေ့ဆန်လွန်းနေတယ်လေ...။
ဂန်ထယ်ဝူးနဲ့လက်ထပ်ကြတယ်...။ အပျော်ကြီးပျော်ခဲ့ကြတယ်...။ ကုမ္မဏီသေးသေးလေးတစ်ခုကို အတူတူထူထောင်ကြပြီး ကြိုးစားခဲ့ကြတယ်...။ ပြီးတော့ ဂန်ထယ်ဝူးက သူ့နောက်ကွယ်မှာ သူ့ညီဝမ်းကွဲဖြစ်တဲ့ရှင်းယူအာနဲ့ ဖောက်ပြန်တယ်...။ အကြောင်းသိသွားတဲ့သူ့ကို အကြပ်ကိုင်ခဲ့ပြီး သူလည်း တိုက်အမြင့်ကြီးပေါ်ကနေ ပြုတ်ကျခဲ့တယ်...။
ဟင့်အင်း... ဒါတွေက အိပ်မက်တစ်ခုဆိုတာ လုံးဝမဖြစ်နိုင်ပါ...။ ဒါဆို ရုပ်ရှင်ဇာတ်ကားတွေ ဝတ္ထုတွေထဲမှာလိုမျိုး Time travel ဖြစ်သွားခဲ့တာလား...??
ဂျီမင်းစိတ်လှုပ်ရှားမှုကြောင့် ကပျာကယာအိပ်ယာပေါ်ကနေ ထထိုင်လိုက်တယ်...။ အိပ်ယာဘေးက စားပွဲပေါ်မှာရှိတဲ့သူ့ဖုန်းကို လှမ်းယူလိုက်တဲ့အခါ အမြဲကိုင်နေကျ Iphone 15 မဟုတ်တော့ဘဲ အရင်သုံးခဲ့ဖူးတဲ့ Iphone 11 မော်ဒယ်လ်ဖြစ်နေတာကို အရင်ဆုံးသတိထားလိုက်မိတယ်...။
ဟုတ်တယ်... ဖြစ်စဉ်တွေတင်မဟုတ်ဘူး သူသုံးခဲ့တဲ့ဖုန်းမော်ဒယ်လ်တွေကအစ မှတ်မိနေခဲ့တာလေ...။ သေချာတယ် အိပ်မက်မဟုတ်ဘူး...။ အချိန်တွေနောက်ပြန်လည်လာပြီး သူ့ကိုပြန်အသက်ရှင်ခွင့်ပေးခဲ့တာပဲ...။
ဖုန်းမှာပါတဲ့ရက်စွဲကိုကြည့်လိုက်တော့ 15 June , 2019 တဲ့လေ...။ ဒါဆို သူလွန်ခဲ့တဲ့၅နှစ်ကိုပြန်ရောက်သွားခဲ့တာပဲ...။ ဂန်ထယ်ဝူးနဲ့ လက်မထပ်ရသေးခင် အချိန်တွေကိုပေါ့...။ အဲ့ဒီအချိန်တုန်းက သူတို့နှစ်ယောက်လုံး နာမည်ကြီးကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ကြတယ်...။ လက်ထပ်ပြီးသွားတော့မှ ဂျီမင်းက သူ့ရဲ့မိဘအမွေတချို့ကိုထုတ်သုံးပြီး ကိုယ်ပိုင်ကုမ္မဏီထူထောင်ခဲ့တာလေ...။
YOU ARE READING
Rewrite The Past (Completed)
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။
