(Unicode)
မင်ယွန်းဂီရဲ့အင်္ကျီထည့်ထားတဲ့ အိတ်လေးကိုကိုင်ကာ D-Fire ကုမ္မဏီအဆောက်အဦးကြီးရှေ့မှာ ဂျီမင်းရပ်နေမိတယ်...။ ပထမဆုံးအကြိမ် ကိုယ့်ဘက်ကနေစပြီး လူတစ်ယောက်ကိုချဉ်းကပ်ရမှာမို့ ဂျီမင်းစိတ်လှုပ်ရှားနေမိတယ်...။
ကုမ္မဏီကြီးကလည်း သူလက်ရှိအလုပ်လုပ်နေတဲ့ ကုမ္မဏီထက်ပင် ကြီးမားလွန်းနေပြီး မင်ယွန်းဂီက ထိုကုမ္မဏီအကြီးကြီးမှာ CEO ရာထူးယူထားတာမို့ တော်ရုံလူက အနားကပ်ဖို့မလွယ်ပါ...။ ဂျီမင်းတောင် ယူအာရဲ့အစ်ကိုဝမ်းကွဲမို့ သူသတိထားမိသွားတာပါ...။
အစကတော့ ဒီတိုင်းရိုးရိုးလေးပဲတွေးပြီး အင်္ကျီပြန်သွားပေးရင်း နေ့လည်စာအတူစားကြမယ်လို့ စဉ်းစားထားတာ...။ အခုကျတော့ ကုမ္မဏီရှေ့ရောက်တော့မှ ဂျီမင်းတစ်ယောက် ချိတုံချတုံဖြစ်နေတော့တယ်...။ CEO ကိုဒီတိုင်းဝင်သွားတွေ့လို့ ဘယ်ရပါ့မလဲ...။
ဒီနေ့က ဂျီမင်းအလုပ်ကနေခွင့်ယူထားတာမို့ အချိန်ကတော့ ပြည့်ပြည့်ဝဝရှိနေတယ်...။ ခက်တာက တစ်ဖက်လူကိုတွေ့ခွင့်ရဖို့ ဘယ်လိုကြံရမလဲဆိုတာပင်...။
"အာ ဟုတ်သားပဲ... ငါ့ဆီမှာသူ့ဖုန်းနံပါတ်ရှိတယ်လေ"
အရင်တစ်ခေါက်တုန်းက ယွန်းဂီဆီကနေ ဖုန်းနံပါတ်ယူထားတာကို ခုမှပဲသတိရတော့တယ်...။ ဖုန်းနံပါတ်တောင်းထားပေမယ့် တစ်ခါမှမဆက်ဖြစ်ဘူးမဟုတ်လား...။ ဂျီမင်းလည်း တုန့်ဆိုင်းမနေတော့ဘဲ ထိုဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်တော့တယ်...။ တခဏလောက်စောင့်ပြီးတော့မှ တစ်ဖက်လူက ဖုန်းကိုင်လာလေတယ်...။
((ဟုတ်ကဲ့... မင်ယွန်းဂီပြောနေပါတယ်))
ဖုန်းကိုင်လိုက်တာနဲ့ သူ့ကိုယ်သူမိတ်ဆက်လာတဲ့ယွန်းဂီကြောင့် ဂျီမင်းပြုံးလိုက်မိတယ်...။ များသောအားဖြင့် မသိတဲ့ဖုန်းနံပါတ်နဲ့ ဖုန်းခေါ်လာပြီဆိုရင် ဘယ်သူလဲလို့အရင်မေးတတ်တယ်မဟုတ်လား...။ ယွန်းဂီကတော့ အဲ့လိုမဟုတ်ဘဲ သူဘယ်သူလဲဆိုတာအရင်ပြောတာကြောင့် ဖုန်းမှားနေခဲ့ရင်တောင် ခေါ်ဆိုတဲ့သူဘက်က ချက်ချင်းသိနိုင်ပါတယ်...။

ВЫ ЧИТАЕТЕ
Rewrite The Past (Completed)
ФанфикQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။