"ကိုကို...သားမကြည့်ရဲဘူး"
"သည်းသည်းအကောင်းဆုံးကြိုးစားထားတယ်မလား၊ သည်းသည်းရဲ့ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ်ကိုရမှာ။ ကိုကို့ကိုယုံလိုက် ဟုတ်ပြီလား"
"ကိုကိုပဲကြည့်ပေးလေ...အင့်"
"သည်းသည်းကလည်းကွာ ကိုကိုတစ်ယောက်တည်းမကြည့်ချင်ပါဘူး သည်းသည်းလေးကြိုးစားထားတဲ့ရလဒ်ကို သည်းသည်းထက်အရင်ကိုကိုမကြည့်ရက်ဘူး"
"သည်းသည်း...ကိုကို့ကိုယုံလို့ရတယ်နော်
သည်းသည်းမှရလဒ်မကောင်းဘူးဆို ဘယ်သူကကောင်းအုံးမှာလဲ
ကိုကိုတို့အတူတူကြည့်ကြမယ်"မနက်ကိုးနာရီမှာထွက်လာတဲ့အောင်စာရင်း file ကို ကြည့်ဖို့ နှစ်ယောက်သားဂျာအေးသူ့အမေရိုက်သလို လည်နေကြလေသည်။
ဒီအတောအတွင်း ဆော့မင်လေးဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲ အိမ်တော်နှစ်ခုလုံးအသိပင်။ တစ်သက်နဲ့တစ်ကိုယ် စာဆိုလို့ မနက်စာ၊နေ့လည်စာ၊ညစာ ကိုသာ စိတ်ဝင်စားခဲ့သည့် အိမ်တော်ရဲ့သခင်လေးဟာ သူ့နောက်ကိုလိုက်ချင်သည့် ဇောကလေးနှင့် စာကိုအပြင်းအထန်လုပ်သဖြင့် တစ်ခါတစ်ခါ နားပါဦးဟု ဝိုင်းနားချရသည့်အထိပင်။
စာကျက်အလွန်ပျင်းတဲ့ကလေးက သူ့ကြောင့်နဲ့ စာအုပ်နဲ့မျက်နှာမခွာနိုင်ဖြစ်နေပြီး မျက်တွင်းလေးတွေချိုင့်နေတဲ့ ကလေးကိုတွေ့ရတာ ကရုဏာသက်မိပေမယ့် တစ်ဖက်ကလည်းကြည်နူးရသည်။
"ကိုကို....ကြည့်ကြရအောင်"
အားတင်းကာစိတ်ပိုင်းဖြတ်လိုက်ပုံရတဲ့ကလေးရဲ့ လက်ကလေးကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး နောက်တစ်ဖက် mouse ကိုကိုင်ပြီး website ထဲဝင်လိုက်သည်။
"အလယ်နားကစရှာ ကိုကို"
"အွန်း အွန်း"
ဆော့မင်ပြောတဲ့အတိုင်း အထက်တန်းနောက်ဆုံးနှစ် အယောက်တစ်ရာကျော်မှာ နံပါတ် ၄၀ လောက်ကနေစရှာပေးလိုက်တာ အယောက်တစ်ရာကျော်လာလေပြီ ဆော့မင်ရဲ့နာမည်ကိုမတွေ့။
သူဆုပ်ကိုင်ထားတဲ့လက်ကလေးဟာ ချွေးစေးတွေပျံလာပြီဖြစ်ပြီး တုန်ရီလို့လာလေပြီ။