အခန်း ၅၂ zawgyi

581 15 0
                                    

"နို့ဆီများများထည့်ပေးလေးကို"

"ဆီးချိုဖြစ်မယ်ငါ့တူမရ"

"ငယ်တုန်းသောက်ရတာကိုမောင်လေးကိုရယ်၊ ကလေး စိတ်ကြိုက်လုပ်ပေးလိုက်"

လေးကိုတို့လင်မယားဟာ စိတ်ရင်းအတော်ကောင်းသည်။ အန်တီကြီးဟာလည်း ဘပုံရဲ့တပည့်တဲ့လေ။ ဒီရွာမှာ ဘပုံနဲ့ကင်းတဲ့သူကိုမရှိ။ ဒါနဲ့ပဲ ဟန်လည်း ဘပုံကိုဗန်းပြပြီး လူချစ်လူခင်ပေါနေတော့သည်။

"ညွှန်းပုလဲလည်း မလာတာကြာပေါ့၊ နေကောင်းကြရဲ့လား"

"ကောင်းပါ့လေးကိုရယ်"

တကယ်က မလာတာမဟုတ်။ သူသောက်ချင်တယ်မပြောခင် အလိုက်တသိသွားဝယ်ပေးရသည်။ ဘာလိုလို ဟန်ကပဲ သွားပေးရ၏။ အလှူပွဲ၊ မင်္ဂလာပွဲရှိလို့ ဟန့်ဆိုင် လူရှုပ်နေပြီဆိုရင်လည်း လာကူပေးပါသေးသည်။ အမနှင်းနွယ်ပြောသလို ဆိုင်သာပေါင်းထားလိုက်ချင်ပြီ။

"လက်ဖက်ရည်လားယမုံ"

"စီလုံတီးအကို"

ရင်းနှီးနေတဲ့အသံပိုင်ရှင်မှာ ကိုမျိုးဖြစ်၏။ သူလည်း ရွာသစ်လေးကမိန်းကလေးတစ်ဦးနဲ့ ရည်ငံနေသည်ဟု ကြားမိသည်။ ဟန့်အား စိတ်ရင်းနဲ့ချစ်ကြိုက်ခဲ့တာမျိုး မဟုတ်လို့ လွယ်လွယ်နဲ့မေ့နိုင်သည်ထင်၏။ မေ့ရခက်နေသည်မှာတော့ သူ့အကို ထွန်းလှိုင်ပင်။

"မပုလဲနဲ့ကော အဆင်ပြေလား"

ရည်ရွယ်ပြီးပြောတာမဟုတ်သော်လည်း အညာသားပီပီ အသံကဟိန်းခနဲ။ ဘေးဝန်းကျင်က ရိုးလွန်းတဲ့သူတွေဟာ ဘာမှရိပ်မိပုံမရ။

"ပြေပါတယ်၊ အမြဲပြေတယ်"

"ဟုတ်ပါပြီဗျာ၊ ကျွန်တော်တော့ ကိုထွန်းကို ဘယ်လိုအားပေးရမှန်းကိုမသိ"

"ဒီအထုပ်မယ် မလိုင်ပိုထည့်ထားတယ်နော်"

"ကျေးဇူးလေးကို"

ဟန် မလိုင်ကြိုက်မှန်းသိတာကြောင့် အမြဲလိုလိုပိုထည့်ပေးသည်။ ဒါတင်မဟုတ် ဘာဝယ်ဝယ် သိသိသာသာကို ပိုပေးပါ၏။ ကြာလာတော့ အားတောင်နာလာရပြီ။

လက်ထဲ စီလုံတီးနှစ်ထုပ်ကိုင်ကာ ငေးရင်းတွေးရင်းပင်။  ရွာဟာ ဘာဆိုဘာကိုမှမပြောင်းလဲ။ ဆောင်းတွင်းဖြစ်တာမို့ အအေးဓာတ်လေးက ပိုလာလေပြီ။ လက်ရှည်ဝတ်မထားတာကြောင့် လက်နှစ်ဖက်ကို ပိုက်ထားရသည်။ ရှေ့နားမှာ လေးလေးလွင်တစ်ယောက် သူကြီးဦးရွှေသိုက်နဲ့ ထိုင်ပြီးစကားပြောနေကြသည်။ သူလည်းပဲ ညွှန်းနည်းတူ ခါးကိုအမြဲမတ်မတ်ထားထိုင်၏။ ဤမန်ကျည်းပင်ကြီးအောက်ဟာ လေးလေးလွင်တို့လူကြီးတွေအဖို့ စုရပ်နေရာဖြစ်နေလေရဲ့။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now