"အဲတာကြောင့် ထမင်းကြမ်းတွေကြော်ကြော်မစားပါနဲ့ဆိုစံကားဝါရယ်"
"ပြန်လိုက်တော့မလား၊ ပို့ခိုင်းပေးမယ်"
"ရတယ်ညွှန်း၊ မပို့ခိုင်းပါနဲ့"
ညွှန်းက အော့အန်နေတဲ့ ဝါ့ကျောပြင်ကို အသာပုတ်ပေးသည်။ သူမ နဖူးကိုစမ်းကြည့်ပြီး တစ်ချက်မျက်မှောင်ကြုတ်၏။
"ကိုယ်ပူချင်နေသလားလို့"
"ဥတုအကူးအပြောင်းဆိုတော့ ဖျားတတ်တယ်စံကားဝါရဲ့"
အမခြယ်ကပါ ဘေးကနေတတွတ်တွတ်ပြောနေလေသည်။ သူဟာ ညွှန်းထက်တောင် ပိုလို့ ပူပန်နေပါသေး၏။
"ကျွန်တော်ပြန်ပို့ပေးလိုက်မယ်"
ညွှန်းက ခေါင်းညိတ်ပြ၏။ ဝါချွတ်ထားခဲ့တဲ့ ဖိနပ်ကိုလည်း သွားယူပေးသည်။
"မသက်သာရင် ဖုန်းဆက်ပါ၊ ကျွန်မ လာအိပ်ပေးရမလား"
"ကဲ ပိုလိုက်တာမမရယ်၊ အဟုတ်ကို အဆင်ပြေပါရဲ့ဆို"
"ဟုတ်ပါပြီ၊ ဒါဖြင့် ပြန်နားလိုက်နော်"
လွှမ်းက ဂိုထောင်ထဲကနေ ဆိုင်ကယ်ထုတ်ပေးလေ၏။ ကလစ်ဖြစ်နေတာမို့ ဟန် ငေးကြည့်မိနေသည်။ သူမှ စီးစမရှိဘဲလေ။
ဆုငယ်ကိုတော့ အပြန်ကျမှ တခေါက်ဝင်ပို့ရမည်။ ခုနက ကတည်းက တခါတည်းပြန်လိုက်မယ်လုပ်နေတာမို့ တားထားရ၏။ တခါတလေလေး ကောင်းကောင်းကျွေးရတာမို့ပင်။
အနောက်ကဝါ့ကို ပြုတ်ကျမှာစိုးရိမ်သော်ငြား သူမကတော့ တည်တည်ငြိမ်ငြိမ်။ ဟန့်ကိုတောင်မထိမကိုင်ပါဘဲ အနောက်ကတန်းကိုသာ ဆွဲထား၏။ ဒီရက်ပိုင်း ခဏတိုင်းမရောက်ဖြစ်တော့ပါ။ ဆိုင်ကတစ်ဖက်နဲ့ကြောင့်ကောလေ၊ အဲတာထက် ဝါက မသင့်တော်ဘူးဆိုတဲ့ စကားပဲပြောလေ့ရှိ၏။ ဟန်လည်း သိတာကြောင့် ရက်ခြားပြီးပဲ သွားပါတော့သည်။ အခန်းထဲကမထွက်တော့တဲ့ဝါဟာ အခုဆို အတော်လေး ပြောပြောဆိုဆိုရှိလာလေပြီ။
လေးကိုတို့လက်ဖက်ရည်ဆိုင်ဟာ အခုထက်ထိကိုဖွင့်ထားတုန်း။ အကြောင်းမှာ ဘောလုံးပွဲရှိတာကြောင့်ပင်။ ဖြတ်သွားရင် တဟေးဟေး အားတက်သရောအားပေးသံတွေကိုလည်း ကြားမိပါသေး၏။
YOU ARE READING
ချစ်ပါရစေ ပုလဲသွယ်